Monday, September 29, 2014

မုံရွာတွင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရန် ပညာပေးလှုံ့ဆော်သည့် လှုပ်ရှားမှု စတင်


သွားလာရေးအတွက် ဆိုင်ကယ်ကို အဓိက အသုံးပြုသော မြို့တစ်မြို့ဖြစ်ပြီး ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားနေသည့်မုံရွာမြို့တွင် လူငယ်များ ဦးဆောင်သော ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရန် တိုက်တွန်းသည့် We are Citizen လှုပ်ရှားမှုကို စက်တင်ဘာ ၂၇ ရက်တွင် စတင်ခဲ့သည်။
ယင်းလှုပ်ရှားမှုကို မုံရွာမြို့ရှိ အဓိကကျသော လမ်းမကြီးများနှင့် လူစည်ကားရာ နေရာများတွင် ဆိုင်ကယ် စီးနင်းလျှင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းကြရန် လှုံ့ဆော်သည့် အနေဖြင့် လမ်းသွားလမ်းလာများထဲမှ ဆိုင်ကယ်စီးဦးထုပ် ဆောင်းသူများအား ရပ်တန့်စေပြီး မေးခွန်းများမေးမြန်းကာ လက်ဆောင်အဖြစ် တီရှပ်နှင့် ‘‘ကျွန်ုပ်တို့ဟာ နိုင်ငံကြီးသားတွေမို့ We are Citizen ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းကြစို့’’ စာသားပါ စတစ်ကာများ ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဆိုင်ကယ်စီး ဦးထုပ်ဆောင်းလာသူများ အားလုံးကို ‘ဘာအတွက် ဆောင်းသလဲ’ဆိုသည့် တူညီမေးခွန်း မေးမြန်းခဲ့ရာ ၆၀ ရာခိုင်နှုန်းကျော်က အသက်အန္တရာယ် ကာကွယ်ရန်ဟု ဖြေဆိုပြီး နိုင်ငံကြီး သား ပီသစွာ ဥပဒေလိုက်နာရန်ဟု ဖြေကြား သူမှာ ၃၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း သတင်းရရှိသည်။ ‘‘ဆိုင်ကယ်စီးသူတိုင်း ကိုယ့် အသိစိတ်နဲ့ ဆိုင်ကယ်ဦးထုပ် ဆောင်းဖို့ ရည်ရွယ်တာပါ။ ယာဉ်အန္တရာယ် ကင်းဝေးရေးအတွက် ယာဉ်ထိန်းက ဦးထုပ်မဆောင်းသူကို ဥပဒေနဲ့ အရေးယူ တယ်။ အခုလုပ်မှာက ဆိုင်ကယ်ဦးထုပ် ဆောင်းသူတွေကို ဂုဏ်ပြုလက်ဆောင် ပေးပြီး စစ်တမ်းကောက်သွားမယ်’’ဟု ဦးဆောင်သူတစ်ဦး ဖြစ်သည့် ကိုကျော်ဝေဖြိုး က ပြောသည်။ We are Citizen လှုပ်ရှားမှု အဖြစ် မုံရွာမြို့ လူစည်ကားရာ နေရာများတွင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်ကာ စီးနင်းသူ နှစ်ထောင်ကျော် အား ရှောင်တခင်စစ်တမ်း ကောက်ယူသွားရန် အစီအစဉ်ရှိ ကြောင်း သိရသည်။

ယာဉ်အန္တရာယ် ကင်းဝေးစေရေး အသိပညာပေး လှုပ်ရှားခဲ့သည့် We are Citizen အစီအစဉ်ကို မုံရွာမြို့တွင် စတင်ဆောင်ရွက်လျက်ရှိပြီး မကြာမီကာလ များတွင် မော်လမြိုင်၊ မန္တလေးနှင့် နေပြည်တော် စသည့် ဆိုင်ကယ် စီးနင်းမှုများ ပြားသည့် မြို့ကြီးများ၌ ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း မုံရွာမြို့ We are Citizen လှုပ်ရှားမှု ဦးဆောင်သူများက ပြောသည်။

7Day Daily

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...