Tuesday, October 21, 2014

မြန်မာ ယူ-19 နဲ့ Tactical Perspetive



U-19 အသင်းရဲ့ ကစားပုံကိုကြည့်ရင် ဒီအသင်းက မြန်မာအသင်းအစဉ်အဆက်ကစားခဲ့တဲ့ ပုံစံကနေ ခွဲထွက်သွားပြီဆိုတာ သိသာပါတယ်။ ဒီအသင်းက ကန်တင်ပြေးအဆင့် ကစားတဲ့အသင်း မဟုတ်တော့ဘူး။   ဘောလုံးပိုင်ဆိုင်ခွင့်သက်သက်နဲ့ ကစားတဲ့အသင်းလည်းမဟုတ်တော့ဘူး။  (ကိုယ့်အတန်းနဲ့ ကိုယ်ကို ဆိုလိုပါတယ်)ကိုယ့်ခြေထဲမှာ ဘောလုံးရရင် ဘာလုပ်ရမလဲဆိုတာကို ကောင်းကောင်းသိနေတဲ့ အသင်းလို့ ပြောရမယ်။

 ကိုယ့်ထက်ကောင်းတဲ့အသင်းတွေနဲ့တွေ့ရင် ကမ္ဘာပေါ်က ဘယ် အသင်းမဆို ကစားကွက်ပျက်ပါတယ်။ ဒီအသင်းလည်း ကိုယ့်ထက်အများကြီးပိုကောင်းတဲ့အသင်းတွေနဲ့ တွေ့ရင် ဒီလိုကြုံတွေ့နိုင်ပါတယ်။ဒါပေမဲ့ အဆင့် တူအနေအထားရှိတဲ့ အသင်းတွေနဲ့ကစားရရင် ရုပ်ပျက်ဆင်းပျက် ဖြစ်စရာမရှိတော့တဲ့   အဆင့်ကို    ရောက်နေပါပြီ။

ကိုယ့်ထက် ပိုကောင်းတဲ့ အသင်းတွေနဲ့ တွေ့ရင် လည်း အတိုင်းအတာတစ်ခုအထိ အဆင့်ရှိရှိတုန့်ပြန်နိုင်တဲ့အဆင့်ရောက်ပြီလို့ ဆိုလိုချင်တာဖြစ်ပါတယ်။ ကျွန်တော်အပါအ၀င်                    ကျွန်တော်တို့နဲ့ ကျွန်တော်တို့နောက်ပိုင်း မျိုးဆက်တွေဟာ မြန်မာအသင်းအဆက်ဆက်ကို ဒီလို အနေအထားနဲ့ မမြင်တွေ့ခဲ့ဖူးပါဘူး။ ဒီအသင်းရဲ့ ဘောလုံးအပေါ် ထားတဲ့ အမြင်၊ ဘယ်လိုအသုံးချသင့် သလဲဆိုတဲ့ စိတ်ကူးစိတ်သန်း၊ ဘောလုံးရရင် ဘယ်လိုနေရာယူပြီး၊ ဘောလုံးဆုံးရင် ဘယ်လို နေရာယူရမလဲဆိုတဲ့ ပုံစံကျ ရွေ့လျားပုံ၊ တစ်ဦးအပေါ် တစ်ဦးယုံကြည်မှုနဲ့ ကူညီမှုတွေဟာ အရှေ့တောင်အာရှအဆင့်ထက် ကျော်နေပါတယ်။ ဒါ အရိုးသားဆုံး ပြောတာပါ။

ကိုယ့်အသင်းဖြစ်နေလို့ မြှောက်ပင့်နေတာမဟုတ်ပါဘူး။ ဒါဆိုရင် ဗီယက်နမ်ကို ဘာကြောင့် ဂိုးပြတ်ရှုံးခဲ့သလဲ၊ အီရန်ကို ဘာကြောင့် လုံးဝမယှဉ်နိုင်ခဲ့သလဲလို့ မေးစရာရှိပါတယ်။ အရင်ဆုံးပြောချင်တာက ဖြစ်တတ်တဲ့ သဘောသဘာဝပါပဲ။ ရီးယဲလ်တောင် ဘာစီလိုနာကို (5)ဂိုးအသွင်းခံဖူးပါတယ်။ ပိုပြီး ရိုးရိုးသားသားပြောရရင်တော့ မြန်မာလူငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေပါ။ သူတို့ ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံအရ လုပ်နိုင်တာထက် ပိုမလုပ်နိုင်ပါဘူး။

သူတို့ထက် မြန်တဲ့ ကစားသမားတွေကို သူတို့ ရင်မဆိုင်တတ်သေးပါဘူး။ ပြောရရင် အီရန်ကို ရှုံးတာ ထားပါ။ အသင်းလိုက်၊ တစ်ဦးချင်း အဆင့်ကွာပါသေးတယ်။ ထိုင်းနဲ့ ယီမင်က အီရန်ကို ဘယ်လိုနိုင်ခဲ့သလဲဆိုတာ ကိုယ်လည်း မကြည့်လိုက်ရလို့ မပြောတတ်ပါဘူး။ ဗီယက်နမ် နဲ့ ယှဉ်ရင်တော့ ဗျူဟာမြောက်ကစားတတ်တာ၊ နည်းစနစ်ပိုင်း ကောင်းတာ တွေက ဗီယက်နမ်ထက်သာပါတယ်။ တစ်ဦးချင်း စွမ်းရည်မှာ ဗီယက်နမ်ကသာပါတယ်။ ဒီနှစ်သင်းတွေ့တုန်းက ဒီလောက်ဂိုးပြတ်သွားတာကတော့ ဖိအား၊ ကစားနေတဲ့အချိန်မှာ ပုံစံကောင်းမရတာ၊ ဗီယက်နမ်ရဲ့ ယုံကြည်မှုက အရမ်းမြင့်သွားတာနဲ့ ဗီယက်နမ်ရှေ့တန်းက နံပါတ်(9)ချာတိတ် တော်တော်လေးမြူးသွားတာလည်း ပါပါတယ်။

 အဓိက ပြောချင်တာကတော့ ဦးနှောက်နဲ့ ကစားနိုင်တဲ့အပိုင်း၊ အိုင်ဒီယိုလိုဂျီမှာ မြန်မာလူငယ်တွေက အရှေ့တောင်အာရှရဲ့ ထိပ်ဆုံးအဆင့်ကို ရောက်သွားပါပြီ။ ဘောလုံးမှာ ဒီအပိုင်းက အရေးကြီးပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အနေအထားက တည်ဆောက်ယူလို့ရပါတယ်။


မြန်မာအသင်းရဲ့ ကစားပုံကို ကျွန်တော် ခွဲခြမ်းစိတ်ဖြာချင်ပါတယ်။ သာမန်လုပ်ရိုးလုပ်စဉ် Attacking နဲ့ Defensive Transitions တွေကို မဟုတ်ပါဘူး။ ဒီအသင်းကစားတဲ့ ဘောလုံးဒသနရဲ့ Main Principles ကို သုံးသပ်ချင်တာပါ။


အရင် ဆုံးပြောချင်တာက Fluidity ပါ။ မြန်မာ U-19 အသင်းဟာ လိုအပ်တဲ့အချိန်မှာ တိုက်စစ်ကနေခံစစ်၊ ခံစစ်ကနေ တိုက်စစ်ကို အလွယ်တကူအသွင်ပြောင်းနိုင်ပါတယ်။ ခံစစ်ကစားရင် ကစားသမား(5)ယောက်လောက်က အချိတ်အဆက်မိမိနဲ့ တွဲဖက်နိုင်ပါတယ်။ UAE၊ အီရန် တို့နဲ့ ပွဲလို ခံစစ်ကို အသားပြုရတဲ့ ပွဲတွေမှာ မြန်မာခံစစ် ကစားပုံကကောင်းပါတယ်။ အီရန် နဲ့ ပွဲမှာ မကြာခဏပေါက်ထွက်နေတာက တစ်ဦးချင်း လုံးဝမနိုင်လို့ပါ။ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာ၊ နေရာယုတာ၊ တစ်ဦးကိုတစ်ဦး ကာဗာလုပ်ပေးနိုင်တာတွေက အားရစရာကောင်းပါတယ်။

 အထူးသဖြင့် နေရာယူပုံနဲ့ ရွေ့လျားပုံက အရမ်းကောင်းပါတယ်။ တစ်ကယ့် Intelligent Movement ပါ။ တိုက်စစ်ပြန်ဆင်တဲ့အချိန်မှာလည်း နည်းဗျူဟာပိုင်းအရ ပြိုင်ဘက်ခံစစ်တွေကို ခြိမ်းခြောက်နိုင်တာ တွေ့ရပါတယ်။   အထူးသဖြင့် အသည်းအသန် ကာကွယ်နေရတဲ့၊ ခုခံနေရတဲ့အချိန်တွေမှာတောင် ဘောလုံးပြန်ရရင် ဘာလုပ်ရမလဲဆိုတာကို သူတို့ကောင်းကောင်းသိပါတယ်။


လုပ်ပုံကိုင်ပုံမှန်ပေမယ့် ဘောလုံးအပျက်များတာက ပြိုင်ဘက်အသင်းက လုံးဝစီးထားတဲ့ အခြေအနေဖြစ်နေတာရယ်၊ တစ်ဦးချင်း မကျော်နိုင်တာရယ်ကြောင့်ဖြစ်ပါတယ်။ ဒါက ကိုယ်အရမ်းနိမ့်မှာ ကြုံရတဲ့အခြေအနေဖြစ်ပြီး၊ အဆင့်တူအနေအထားမျိုး၊ ဒါမှမဟုတ် ကိုယ့်ထက်သာတဲ့အသင်းဆိုပေမယ့် ယှဉ်ကစားနိုင်တဲ့အနေအထားမျိုးမှာတော့ ခံစစ်ကနေ တိုက်စစ်ကို အလွယ်တကူပဲ ချိတ်ဆက်ပြီး တက်သွားတာကို တွေ့နိုင်ပါတယ်။


ဒုတိယပြောချင်တာက လုပ်အားနှုန်းပါ။ ကွင်းလယ်က ကျော်မင်းဦး၊ မျိုးကိုထွန်းတို့ရဲ့ ကစားအားနဲ့ တာဝန်ယူနိုင်တဲ့၊ တာဝန်ခံရဲတဲ့ အနေအထားတွေက ဒီအသင်းရဲ့ အနှစ်သာရဖြစ်ပါတယ်။ ငြိမ်းချမ်းအောင် လွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရအောင် သူတို့ ၀န်းရံပေးထားပုံက အဆင့်မြင့်ပါတယ်။ ငြိမ်းချမ်းအောင်ကို ရံပြီး၊ အတက်အဆင်းကစားပေးတာ၊ ငြိမ်းချမ်းအောင်ကို အလွယ်တကူဘောလုံးဖြန့်နိုင်အောင်၊ တိုက်စစ်ကို ရဲရဲလိုက်နိုင်အောင် ကာပေးထားပါတယ်။ သူတို့ (၂)ဦးရဲ့ အတွဲအဖက်က လက်ရွေးစင်အသင်းကြီးထက် ပိုအဆင့်မြင့်တယ်။ နည်းဗျူဟာပိုမြောက်ပါတယ်။

 Press Tangentially ပုံစံကို တွေ့ရပြီး၊ ဘောလုံးရရင် ဖြန့်ဝေပုံ၊ ဘောလုံးဆုံးရင် ခုခံပုံ လည်းကောင်းပါတယ်။ မျိုးကိုထွန်းရဲ့ ဘောလုံးလမ်းကြောင်းတွေက အဆင့်မြင့်ပါတယ်။ ကျော်မင်းဦးက တစ်ဦးချင်းပိုကောင်းပါတယ်။ ငြိမ်းချမ်းအောင်ကတော့ မြန်မာအသင်းရဲ့ အသည်းနှလုံး၊ မြန်မာအသင်းရဲ့ ဦးနှောက်ဖြစ်ပြီး၊ ဘောလုံးအမြင်အပြည့်ရှိပါတယ်။ မြန်မာအသင်းရဲ့ နောက်ထပ်သန်းတိုးအောင် တစ်ယောက်ဖြစ်ပါတယ်။


မြန်မာအသင်းရဲ့ ဘောလုံးရတဲ့အချိန်မှာ နေရာယူပုံကို သေချာဂရုစိုက်ပြီး လေ့လာ ကြည့်ပါတယ်။ နန္ဒကျော်နဲ့ နန်းဝေမင်းတို့က ဟန်ချက်ညီပါတယ်။ ဘောလုံးက ဘယ်တောင်ပံမှာ တိုက်စစ်ဆင်နေရင် နန်းဝေမင်းက ညာခြမ်းတိုက်စစ်ဇုံထိပ်အထိ တက်ထောက်ထားပြီး၊ နန္ဒကျော်က တန်ပြန်တိုက်စစ်   ပြန်ဆင်ချိန်မှာ   ကာ ကစားရမယ့် ကွင်းလယ်ခံစစ်တန်းရဲ့ Last Defender ပြန်လုပ်ပါတယ်။

ညာတောင်ပံမှာ ဘောလုံးကိုင်ထားရင်လည်း သူတို့နှစ်ယောက်ရဲ့ Function ကိုပြန်ပြောင်းလိုက်ပါတယ်။ ကွင်းလယ်က မျိုးကိုထွန်းက ကွင်းလယ်စက်ဝိုင်းထိပ်ကနေ ပြန်ကျလာမယ့် ဘောလုံးလမ်းကြောင်းတွေကို အမြဲစောင့်နေပြီး၊ ကျော်မင်းဦးနဲ့ ငြိမ်းချမ်းအောင်ကဘောလုံးလက်ခံဖို့ အမြဲတမ်းတောင်းကစားပါတယ်။ဘယ်တောင်ပံမှာ အောင်သူဘောလုံးရလာရင် ကျော်မင်းဦးနဲ့ ငြိမ်းချမ်းအောင်က သူ့ကို ကူဖို့အနားမှာရှိတယ်။ ဘောလုံးတောင်းတယ်။

နန္ဒကျော်က နောက်ကနေ ထောက်ထားတယ်။ ကွင်းလယ်စက်ဝိုင်းမှာ မျိုးကိုထွန်းရှိတယ်။ ပယ်နယ်တီစည်းထဲမှာ သန်းပိုင်ရှိတယ်။ ပယ်နယ်တီဘောက်စ်ကို ကျော်ကြလာမယ့် ဘောလုံးတွေကို နန်းဝေမင်းက စောင့်နေတယ်။ ဒါက တစ်ခါတစ်လေမြင်ရတဲ့ ပုံစံမဟုတ်ပါဘူး။ အမြဲတမ်း လိုလိုတွေ့နေရပါတယ်။ မတော်တဆဖြစ်သွားတာမဟုတ်ပါဘူး။ သူတို့ရဲ့ စည်းချက်ဖြစ်ပါတယ်။   ဖော်မြူလာဆန်ပြီး ပုံစံကျ Open Play Type တစ်ခုဖြစ်ပါတယ်။ ညာဖက်မှာ သန်းပိုင်ဘောလုံးရရင်လည်း တစ်ဦးချင်း နေရာယူပုံတွေချိန်းပြီး၊ ဒီပုံစံအတိုင်းပြန်မြင်ရပါတယ်။


စတုတ္ထပြောချင်တဲ့အချက်က Distance Between amongs the Players ပါ။ ဘောလုံးကို ဗဟိုပြုပြီး၊ နေရာယူထားပုံက စနစ်ကျပါတယ်။.အနီးကပ်တောင်းရမယ့်သူတွေရဲ့ ဘောလုံးနဲ့အကွာအဝေးက အားလုံးလိုလို (5)မီတာ ၀န်းကျင်မှာရှိနေသလို၊ ကာပေးရမယ့် သူတွေရဲ့ အကွာအဝေးကလည်း (10)နဲ့ (15)မီတာ ၀န်းကျင်မှာရှိပါတယ်။ ကစားကွက်နဲ့ မသက်ဆိုင်သူတွေက မီတာ(30)အတွင်း လောက်မှာ အားလုံးရှိနေအောင် လိုက်ပြီး ရံထားပေးပါတယ်။ နည်းပြရဲ့ ဗျူဟာလား၊ သူတို့ရဲ့ အလိုလိုနားလည်မှုအရဖြစ်လာတဲ့ ပုံစံလားဆိုတာတော့ မသိပါဘူး။ တော်တော်ဟန်ချက်ညီပြီး အမြင်လှပါတယ်။ Counter တွေကို ပြန်ကာရင် အကျိုးရှိပါတယ်။ Total Football နဲ့ မထင်မှတ်ဘဲ သွားကိုက်ညီနေတာက အထောင်တိုက်စစ်မှူးကနေ၊ နောက်ဆုံး Centre Back တွေကြားက အကွာအဝေးဟာ မီတာ(60)လောက်အတွင်းမှာ ရှိပါတယ်။

Total Football ကတော့ ပိုကျစ်လျစ်ပြီး မီတာ(50) Play လို့လည်းခေါ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီပုံစံဝင်နေလို့လည်း မြန်မာအသင်းကို အကုန်တက်၊ အကုန်ဆင်း ဆန်ဆန်မြင်ရပြီး၊ ကျစ်လျစ်တဲ့ စုဖွဲ့ပုံကို တွေ့နေရတာဖြစ်ပါတယ်။  သန်းပိုင်နဲ့ အောင်သူအတွဲဟာ Blossoming Partnership ဖြစ်ပြီး၊ သန်းပိုင်က Front Man၊ အောင်သူက Drop ကစားပါတယ်။ တိုက်စစ်မှူး (2)ယောက်စလုံးက Exceptional ကောင်းပြီး၊ တောင်ပံအထိခွဲထွက်ကစားနိုင်ပါတယ်။ သူတို့ (၂)ဦးစလုံး Varsatality ဖြစ်တာက မြန်မာအသင်းရဲ့ အားသာချက်ဖြစ်ပါတယ်။


နောက်ဆုံးပြောချင်တာက မြန်မာ ယူ-19 အသင်းရဲ့ အဓိက အကျဆုံးအားသာချက်ဟာ တစ်ဦးအပေါ် တစ်ဦးယုံကြည်တာနဲ့ ကူညီတာပါပဲ။ အသင်းရဲ့ ဦးနှောက်က ငြိမ်းချမ်းအောင်ပါ။ အကျပ်ထဲမှာလည်း   ဘောလုံးပေးရဲ၊ လက်ခံရဲပါတယ်။ ငြိမ်းချမ်းအောင်ကို မန်စီးတီးရဲ့ ဒေးဗစ်ဆေးလ်ဗားအဖြစ်လည်း   မြင်နိုင်ပါတယ်။ သူ့ကို ကွင်းလယ်(၂)ဦးအပြင် တိုက်စစ်ကစားသမားတွေကလည်း ကူညီပေးပါတယ်။ Tactical Perspective ကို လေ့လာလေ၊ စိတ်ဝင်စားစရာကောင်းလေဆိုတဲ့ အချက်တွေကို ဂျာမန်ကြီး၊ ကိုညီညီလတ်တို့က စွမ်းဆောင်ထားနိုင်ပါတယ်။ သူတို့က လက်ရှိ မြန်မာ့ဘောလုံးရဲ့ ဟီးရိုးတွေဖြစ်ပြီး၊ အနာဂတ်အတွက် မျှော်လင့်ချက်တွေဖြစ်ပါတယ်။

နန္ဒ၀န်ငြိမ်းချမ်း

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...