အဖြူကြောက်ရောဂါသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှ လူကြီးပိုင်းတို့တွင်ပင် စွဲနေသည်မှာ ရင်ထိတ်စရာ။
အဖြူကြောက်ရောဂါ ဆိုသည် လူဖြူတို့ကို ရွံမုန်းပြီး အနားကပ်မခံခြင်း မဟုတ်။ အဖြူတို့ ပြောသမျှ မတွေးမတော မစဉ်းစား အဟုတ်မှတ်၊ အဖြူတို့ကို လိုသည်ထက်ပိုပြီး အောက်ကျို့ ဦးညွတ်ခြင်းကို ဆိုလိုသည်။ အစိုးရ၊ နိုင်ငံရေးပါတီ၊ အရပ်ဘက် လူ့အဖွဲ့အစည်း၊ စီးပွားရေး စသော နယ်ပယ်အသီးသီးမှ ထိပ်တန်းပုဂ္ဂိုလ်များသည် အဖြူတို့ကို ရှိန်ပြီး သူတို့ဆုံးဖြတ်ချက်များ ယိမ်းယိုင်သွားလျှင် နိုင်ငံအတွက် တစ်ချက်ဆို တစ်သက် ပြန်ပြင်မရနိုင်ပါ။ အဖြူတိုင်းသည် အာသဝေါကင်းသူများ မဟုတ်။ သွေးနှင့်ကိုယ် သားနှင့်ကိုယ်ဖြစ်ရာ သူ့အကြံနှင့်သူ၊ သူ့အကျိုးစီးပွားနှင့်သူ၊ သူ့အမြင်နှင့်သူဖြစ်ရာ အလွယ်တကူပစ်ပြီး မယုံစေလို။ သူဘယ်လောက်တတ်သလဲ၊ ဘယ်သူ့ကို ကိုယ်စားပြုသလဲ၊ သူက ဘာလိုချင်တာလဲ အဘက်ဘက်က ထောက်ရှုဆင်ခြင်စေချင်သည်။ လူကောင်းလူဆိုး၊ လူတတ်လူညံ့၊ လူနပ်လူရိုး ခွဲစေချင်သည်၊ ဝါးလုံးရှည်နှင့်သိမ်းပြီး အဖြူဆိုတိုင်း အထင်မကြီးစေလို။
ယခုမူ မည်သည့်နယ်ပယ်တွင်မဆို အဖြူတို့ တစ်ခုခု မေးလိုက်လျှင် ကိုယ်က မဟုတ်တာ လုပ်ထားသည်လည်း မဟုတ်ဘဲ အားလုံး ပျာယာခတ်သွားတတ်သည်။ သူမေးလိုက်သည်နှင့် ကိုယ့်ဘက်က ပြောသင့်လား၊ မပြောသင့်လား မစဉ်းစားတော့၊ အားလုံး ပြောချလိုက်သည်။ မေးခြင်းမှာ သူ့အခွင့်အရေး၊ ပြောခြင်းမှာ ကိုယ့်အခွင့်အရေး။ နိုင်ငံ့အကျိုး၊ မိမိကိုယ်စားပြု အဖွဲ့အစည်းအကျိုးကို အထိခိုက်ခံပြီး ဖြေစရာမလို။ အဖြူတို့ကို ကိုယ့်ထမင်းကိုယ်စား အခမဲ့ အစီရင်ခံနေရန် မလို။
နယ်ပယ်တစ်ခုမှ နိုင်ငံခြားသား အဖြူတို့အတွက် လိုက်ပါ အကျိုးဆောင်ပေးရသော သူငယ်ချင်းတစ်ဦးက ရင်ဖွင့်ဖူးသည်။ အဖြူတောင်းဆိုသော အခွင့်အရေးကို သက်ဆိုင်ရာဌာနမှ လူကြီးက ပေးလိုက်မည်ကို သူစိုးရိမ်ကာ မပေးရန် တဖွဖွ ဆုတောင်းသော်လည်း ဆုတောင်းမပြည့်။ နောက်ဆုံး အဖြူသည် သူ့ထံမှ မြန်မာနိုင်ငံရမည့် တန်ဖိုးနှင့် မတန်မရာ အခွင့်အရေး ရသွားကာ နိုင်ငံအတွက် နစ်နာသွားသည်တဲ့။ အဖြူအတွက် အလုပ်သဘောအရ လိုက်ပါ အကျိုးဆောင်ပေးသော မြန်မာနိုင်ငံသားကပင် မပေးစေလိုသော်လည်း အခွင့်အရေး ရသွားသည်မှာ အဖြူကြောက်စိတ်၊ အဖြူရှိန်စိတ်ကြောင့်လား စဉ်းစားစရာ။
နိုင်ငံခြားသားချင်းတူလျှင်ပင် အဖြူဆိုလျှင် ပိုပျူငှာကြသည်၊ ခယကြသည်၊ ခရီးဦးကြိုပြုကြသည်။ အကူအညီလာပေးသည်ချင်း အတူတူ အဖြူဆိုလျှင် ဧည့်ဝတ်ကျေကြသည်၊ ကျေးဇူးတင်ကြောင်း အလေးအမြတ်ပြုကြသည်။ အစိုးရဌာန၊ နိုင်ငံရေးပါတီ၊ စီးပွားရေးလုပ်ငန်း မဟူ အခြားမူဝါဒများတွင်သာ ကွဲပြားမည်၊ ဆန့်ကျင်ကြမည်၊ အဖြူကို လိုသည်ထက် ပိုပြီး ရိုကျိုးခြင်းမှာ အတူတူ။
ကျွန်ဗီဇ
နိုင်ငံခြားသား အဖြူတို့ကိုမြင်လျှင် မြန်မာတို့ “ပလူးရ ပြေးကျို့ခါခါ ...ခွေးသို့ပမာ” ဖြစ်နေသည်မှာ စိတ်ဆင်းရဲစရာ။ ငွေပေးသော Customer ချင်းတူတူ၊ အလုပ်တွဲလုပ်မည့်သူချင်း အတူတူ၊ ပညာအရည်အချင်းချင်း အတူတူ အဖြူဆိုလျှင် ဘုရားထူးမတတ်။ ယခုအတိုင်းဆို နှာခေါင်းရှည်အောင် ဆွဲဆန့်ကာ ကိုယ်ကို ထုံးသုတ်ထားရမည့်ပုံဟု အဖြူကြောက် ရောဂါရှင်တို့၏ဒဏ်ကို တိုက်ရိုက်ခံစားနေရသူများက ရင်ဖွင့်ကြသည်။ ၁၉၄၈ က လွတ်လပ်ရေး ရခဲ့သောကြောင့် ကျွန်စိတ်ပျောက်ပြီ ထင်ခဲ့သော်လည်း တကယ်တမ်းတွင် သားစဉ်မြေးဆက် အသွေးထဲအသားထဲထိ ကျွန်စိတ် လက်ဆင့်ကမ်းခဲ့သည်ကိုး။
အဖြူကြောက် ရောဂါသည် ကိုယ်ကိုယ်တိုင် မသိဘဲလည်း ကိန်းအောင်းနေတတ်သည်။ ကိုယ်ကိုယ်တိုင် မသိလိုက်ဘဲ မိမိအဖွဲ့အကျိုး၊ နိုင်ငံ့အကျိုးများ နစ်နာစေပြီး အဖြူတို့ အလိုကျ လိုက်ပါဆောင်ရွက်နေမိလျှင် အဖြူကြောက်ရောဂါ ခန္ဓာကိုယ်တွင်းတွင် စွဲကပ်နေပြီ။ သက်ဆိုင်ရာ နယ်ပယ်များမှ လူကြီးများ ထိုရောဂါ ရှိမရှိ မိမိကိုယ်ကိုယ် အမြဲတစေ ဆန်းစစ်ရန် လိုအပ်သည်။ သို့မဟုတ်က ထိုရောဂါရှင်တို့ ဆုံးဖြတ်ချက်ကြောင့် မြန်မာနိုင်ငံ၊ သက်ဆိုင်ရာ အဖွဲ့အစည်း နစ်နာစေမည်။
မြန်မာတစ်နိုင်ငံတည်းတွင်သာ အဖြူကြောက်ရောဂါ ကွက်ဖြစ်ပွားနေခြင်းမဟုတ် အာရှနိုင်ငံ အတော်များများတွင် အဖြူကြောက်ရောဂါ အနည်းနှင့်အများ တွေ့ရသည်။ မျက်နှာဖြူတို့သည် အတိတ်က အာရှသား အများအပြား၏ သခင်ကြီးများ ဖြစ်ခဲ့ပြီး ယနေ့ခေတ်တွင်လည်း အင်္ဂလိပ်၊ အမေရိကန်တို့သည် ရှေ့တန်းတွင် ရောက်နေကြသေးရာ “အဖြူဆိုလျှင် ကိုယ့်ထက်သာသည်” ဟု သိမ်ငယ်စိတ် (Inferiority Complex) ဝင်နေကြဟန် တူသည်။ သို့သော် ယနေ့ခေတ်သည် ၂၁ ရာစု ဖြစ်နေပြီ၊ ၂၀ ရာစုနှင့် ၁၉ ရာစု မဟုတ်တော့။ အာရှသည် ကမ္ဘာတွင် စီးပွားရေး အလားအလာ အကောင်းဆုံး ဖြစ်နေပြီ။ အာရှမှ ပညာရှင်တို့ ထိပ်တန်းအဆင့်ဝင်နေပြီ ဖြစ်သလို အာရှထုတ်ကုန်များ ဖြစ်သည့် Sony၊ Samsung စသည်တို့သည် ထိပ်တန်းကုန်ပစ္စည်းများ ဖြစ်နေကြပြီ။ အဖြူကြောက်ရောဂါ ယခုထက် ကျဆင်းသင့်နေပြီ။ အခြားအာရှနိုင်ငံတို့တွင် မည်သို့ပင် အဖြူကြောက်ကြောက်၊ ကိုယ့်မြန်မာနိုင်ငံတွင်မူ အဖြူမကြောက်စေလို။
ဆေး
အဖြူကြောက်ရောဂါမှ နာလန်ထရန် အဖြူတို့နှင့် စကားပြောခြင်း၊ ဆက်ဆံခြင်းသည် ထိရောက်သော နည်းလမ်းဖြစ်သည်။ စကားပြောကြည့်၊ ဆက်ဆံကြည့်သောအခါမှသာ ရင်းရင်းနှီးနှီး ဖြစ်သွားပြီး “ဒီကောင်တွေလည်းတို့လိုပဲ ပခုံးနှစ်ဖက်ကြားက ခေါင်းပေါက်တာပါလား” ဟု သဘောပေါက်လာမည်။ ယခုဆိုလျှင် ကျွန်တော်တို့ ငယ်စဉ်ကကဲ့သို့ မဟုတ်။ အဖြူများကို သွားလေရာ နေရာတွင် တွေ့ရမည်။ လမ်းတွေ့လျှင် အင်္ဂလိပ်လို ပြောကြည့်၊ လုပ်ငန်းခွင်တူလျှင် စကားပြောကြည့် သွားကြည့်လာကြည့်လျှင် အဖြူကြောက်စိတ် လျော့လာမည်။
ပညာအခံ နည်းကြခြင်းသည်လည်း အဖြူကြောက်ခြင်းတွင် အကြောင်းရင်း ဖြစ်နိုင်သည်။ ပညာအခံ မြင့်လာလျှင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တက်လာနိုင်သည်။ ထို့ကြောင့် ကိုယ့်အရည်အချင်းကို သူ့အရည်အချင်းနှင့် တန်းတူ မှတ်ကျောက်တင်နိုင်သည်အထိ ကြိုးစားရမည်။ မိမိအရည်အချင်းကို မယုံကြည်နိုင်သူသည် တစ်ပါးသူကို မျက်ကန်း အထင်ကြီး အောက်ကျို့တတ်စမြဲ ဖြစ်သည်။
မိမိကိုယ်ကိုယ် ယုံကြည်သူသည် မိမိကိုယ်ကိုယ် လေးစားနိုင်သကဲ့သို့ သူတစ်ပါး၏ တန်ဖိုးနှင့် အစွမ်းကို အသိအမှတ်ပြု ကျေးဇူးတင်ကာ လေးစားတတ်သည်။ လူတစ်ဦးအပေါ် တစ်ဦး အောက်ကျို့မှု မဟုတ်သော တစ်ဦးအစွမ်းအစအပေါ် တစ်ဦး အပြန်အလှန် လေးစားမှုသည်သာ ကမ္ဘာလုံးချီ ဆက်ဆံရေးတွင် အလုပ်ဖြစ်စေ ကောင်းကျိုးဆောင်ပေလိမ့်မည်။
အဖြူမကြောက်ရန် ပြောခြင်းသည် အဖြူမုန်းရန် မဟုတ်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ စွဲမြဲခဲ့သော နိုင်ငံခြားသား ရွံမုန်းခြင်း (Xenophobia) ဆက်လက် မခိုင်မာစေလို။ ထိုသို့ပြောခြင်းကြောင့် တလွဲမာန များစွာကို ဆွပေးလိုက်သလို ဖြစ်ကာ ယခင် ဝါးလုံးခေါင်းထဲ လသာနေခဲ့သော အကျင့်များကို မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ကမ္ဘာလုံးချီ ဆက်ဆံရေးအဖြစ် တလွဲထင် အသွင်ပြောင်းရုံ ဖြစ်သွားမည်ကို စိုးလှသည်။ သူတို့လည်း တို့လိုပါပဲ၊ မထူးပါဘူးဟု နှလုံးသွင်းမိစေရန်သာ ရည်ရွယ်သည်။
အဖြူတို့ကို ရွံမုန်းရန် မဟုတ်၊ သူတို့ပြောသည်နှင့် ဆန့်ကျင်ဘက် လုပ်ရန်မဟုတ်။ နိုင်ငံ၊ အဖွဲ့အစည်း တိုးတက်အောင် ဆောင်ရွက်ရာတွင် အဖြူ၊ အညို၊ အဝါ ရှောင်ရန်မလို။ အဖြူကြောက် ရောဂါကြောင့် နိုင်ငံအကျိုး ပျက်စီးမည်ကို စိုးရိမ်သောကြောင့်၊ မြန်မာနိုင်ငံသားတို့ ကိုယ့်မြေကိုယ်ရေတွင် ဒုတိယတန်းစား နိုင်ငံသား မဖြစ်စေလိုသောကြောင့် ရေးရခြင်း ဖြစ်သည်။
(ေဇယ်သူ)
0 comments:
Post a Comment