Tuesday, October 21, 2014

တောင်ကြီး မြေပြိုကျမှု ဖြစ်စဉ်ကြောင့် အုပ်ထိန်းသူများ မရှိတော့သည့် ကျန်ရစ်သူ ကလေးသုံးဦး၏ အနာဂတ်အတွက် ပြည်နယ် အစိုးရ အဖွဲ့မှ ကူညီမည်



ေ တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက်၌ အောက်တိုဘာ ၁၇ ရက်ညပိုင်းက ဖြစ်ပွားခဲ့သည့်
မြေပြိုကျမှု ဖြစ်စဉ်ကြောင့် အုပ်ထိန်းသူများ မရှိတော့သည့် ကျန်ရစ်သူ ကလေးသုံးဦး၏ အနာဂတ်အတွက် ပြည်နယ် အစိုးရ အဖွဲ့မှ ကူညီ မည် ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရ အဖွဲ့၏ ဘဏ္ဍာရေး ဝန်ကြီး ဦးခွန်သိန်းမောင်က ယမန်နေ့က ပြောကြားခဲ့သည်။

  အောက်တိုဘာ ၁၇ ရက်ညပိုင်းက တောင်ကြီးမြို့၌ မိုးသည်းထန်စွာ ရွာသွန်းနေချိန် ကျောင်းကြီးစု ရပ်ကွက် နယ်မြေ(၁ဝ) ခွာညိုလမ်းသွယ် အိမ်အမှတ် (ရပ/၈၃) နေအိမ်နှင့် ကပ်လျက် အနောက်မြောက်ထောင့်ရှိ အုတ်တံတိုင်း ကျောက်ရိုး ပြိုကျကာ အိမ်ရှင် ဒေါ်နန်းမွေခမ်း အပါအဝင် မိုင်းတုံမြို့မှ ဧည့်သည် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး သုံးဦး စုစုပေါင်း ငါးဦး သေဆုံးခဲ့သည်။ သေဆုံးသူ ဒေါ်နန်းမွေခမ်း၏ သားသမီးများ ဖြစ်သော ဒသမတန်း ကျောင်းသူ တစ်ဦး၊ အဋ္ဌမတန်း ကျောင်းသူတစ်ဦးနှင့် ဆဋ္ဌမတန်း ကျောင်းသားတို့မှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး လက်ကျိုး၊ ပွန်းပဲ့ဒဏ်ရာများဖြင့် တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံ အရိုးကုသဆောင်၌ တက်ရောက် ကုသလျက် ရှိသည်။ အဆိုပါ ကလေးများ၏ အနာဂတ်အတွက် ပြည်နယ် အစိုးရမှ ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

''ကလေးတွေရဲ့ ဆွေမျိုးသားချင်းတွေ အပိုင်းက ဘယ်လို ဆောင်ရွက်ချင်တယ်၊ ကလေးတွေ အနာဂတ်ကို ဘယ်လို ဆောင်ရွက်မယ် ဆိုတာကို သူတို့အနေနဲ့ တင်ပြတဲ့ အခါမှာ ပြည်နယ် အစိုးရအဖွဲ့ အနေနဲ့ အကောင်းဆုံး ဖြစ်အောင် ကူညီပေးနိုင်ဖို့ ရှိပါတယ်''ဟု ၎င်းက ဆက်လက် ပြောသည်။

  သေဆုံးခဲ့သူ ငါးဦးအတွက် ပြည်နယ် အစိုးရ အဖွဲ့မှ နာရေးကူငွေအဖြစ် တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ယမန်နေ့ နံနက်ပိုင်းက လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ဘဏ္ဍာရေး ဝန်ကြီး ဦးခွန်သိန်းမောင်တို့ ကိုယ်တိုင် နာရေးဖြစ်ပွားရာ ဆွေမျိုးများ နေအိမ်သို့ သွားရောက် ထောက်ပံ့ခဲ့ပြီး ဒဏ်ရာရ ကလေးငယ်များ အတွက်လည်း တစ်ဦးလျှင် ငွေကျပ် ငါးသောင်းနှုန်းဖြင့် ကူညီခဲ့ကြောင်း သိရသည်။

ယခုဖြစ်စဉ်ကြောင့် တောင်ကြီးမြို့ပေါ်၌ မြန်မာစာ အပြင် ဒေသခံ တိုင်းရင်းသား ဘာသာဖြင့် ရေးသားထားသော သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရပ်ကွက် ကျေးရွာများ၌ ပညာပေး ဟောပြောခြင်းများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...