Thursday, October 16, 2014

ကျွန်မ နို့တစ်စုံ ပိုလိုချင်တယ်



မိခင်တစ်ယောက်အတွက် ကိုယ့်ရင်သွေး နို့ဆာ လို့ ငိုနေတဲ့အချိန်မှာ ကိုယ့်အပေါ် အင်္ကျီကို အသာလှပ်ပြီး ကိုယ့်ရဲ့သွေး၊ ကိုယ့်ရဲ့မေတ္တာ
တွေ အပြည့် ပေါင်းစပ်ထားတဲ့ နို့ချိုရည်ကို တိုက်ကျွေး လိုက်ရတဲ့အရသာဟာ အကြည်နူးဆုံး တဒင်္ဂအချိန်လေး လို့ ဆိုကြပါတယ်။ သိပံ္ပပညာတွေ မိုးပျံအောင် တိုးတက် နေပေမယ့် မိခင်နို့ရည်ထက်ပိုကောင်းတဲ့ အာဟာရကို ဘယ်ပညာရှင် မှ တီထွင်နိုင်ခြင်းမရှိသေးသလို သားသမီး တိုင်းကလည်း အမေ့နို့ရည်ကိုသာ အငမ်းမရစွဲမက်ကြတာ ဟာလည်း လောကဓမ္မတာတစ်ခုလို့ပဲ ဆိုရမှာပါ။

မြတ်ဗုဒ္ဓဘုရားရှင်တောင် နို့တစ်လုံးဖိုးသာ ကျေးဇူးဆပ်နိုင်ခဲ့ တယ်လို့ မိန့်ကြားရတဲ့ အထိ မိခင် နို့ဟာ အလွန်တရာတန်းခိုးအာနု ဘော် ကြီးမားပါပေတယ်။ ဒါ ကြောင့် မိခင်အတော်များများ ဟာ ကိုယ့်ဝမ်းနဲ့ ကိုးလလွယ်ဆယ် လဖွား မွေးပေးခဲ့ရတဲ့ သားသမီး လေးတွေကို ကိုယ့်ရင်အစုံကစီးကျလာ တဲ့ နို့ရည်တစ်စက်ကို သန်းခေါင်ကျော် တစ်ရေးနိုးအချိန်ဖြစ်ပါစေ ကိုယ့်ကလေး ဆာလောင်နေရင် ယုယုယယ တိုက်ကျွေး ဖို့ ဝန်မလေးတတ်ကြပါဘူး။

ဒီလို ကမ္ဘာပေါ်မှာရှိတဲ့မိခင်ပေါင်း ထောင်သောင်းမကဟာ ကိုယ့်သားသမီး တွေကို ကိုယ့်နို့ချိုရည် အချိန်မရွေး တိုက်ခွင့်ရနေပေမယ့် ဒေါ်သီတာအတွက် တော့ ဒီအခွင့်အရေးကို မရခဲ့ရှာပါဘူး။ လော ကသဘာဝအရ မိခင်နို့ဟာ တစ်စုံ(နှစ်လုံး) တည်းရှိကြပါတယ်။ ဒါကြောင့် လေးမြွှာပူး လေးမွေးထားတဲ့ ဒေါ်သီတာအတွက် သူမရဲ့ ကလေးလေးယောက်စလုံးကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း နို့ချိုတိုက်ကျွေးဖို့ဆိုတာ ဘယ်လိုမှမဖြစ် နိုင်ပါဘူး။ ''ညည နို့ဆာလို့ ကလေးတွေငိုရင် ကျွန်မ စိတ် မကောင်းဘူး။ နို့ထွက်အားက နှစ်ယောက်စို့ဖို့လောက်ပဲ ရတယ်။ ရှေ့က နှစ်ယောက်စို့ပြီးသွားရင် ကျန်တဲ့နှစ်ယောက် က စို့စရာမကျန်တော့ဘူး''လို့ ဒေါ်သီတာကပြောပြပါ တယ်။
သားသမီးမရနိုင်ကြတဲ့ ဇနီးမောင်နှံတွေဟာ သား သမီးရဖို့ဆိုပြီး ဘိုးဘိုးကြီး၊ ဘိုးဘိုးလေးစတဲ့ ပိုင်ရာဆိုင်ရာ တွေကို ပုံစံအမျိုးမျိုးနဲ့ ဆုတောင်းနေကြရ တဲ့အချိန်မှာ ကလေးလေးယောက်ကို တစ်ပြိုင်တည်းမွေးဖွားထားတဲ့ ဒေါ်သီတာအတွက်တော့ ဘဝပေးကံလို့ပဲ ဆိုရတော့မှာ ပါ။

အဲဒီလို မိခင်နို့ကို သားသမီးတွေအတွက် ပြည့်ပြည့် ဝဝ မတိုက်နိုင်ရှာတဲ့ ဒေါ်သီတာအတွက် နို့မှုန့်၊ နို့ဘူးတွေ ကို အားကိုးလာရပါတယ်။ ဒါပေမဲ့ ကလေးလေးယောက် စာအတွက် နို့မှုန့်၊ နို့ဘူးတွေကို နေ့တိုင်း ဝယ်တိုက်နိုင် လောက်အောင်လည်း သူတို့ဘဝက မပြည့်စုံပြန်ပါဘူး။ ပြီးတော့ တိုးတိုး၊ နွေးနွေး၊ ထွန်းထွန်းနဲ့ နှင်းနှင်းလို့ နာ မည်ပေးထားတဲ့ ဒီလေးမြွှာပူးလေးတွေကို ထိန်းနေရလို့ ဒေါ်သီတာရဲ့ခင်ပွန်း ကိုမြင့်ထွေးလည်း အလုပ်မလုပ် နိုင်ရှာပါဘူး။ တစ်နေ့တစ်နေ့ ဒီကလေးတွေရဲ့အနှီး ကို လျှော်ဖို့၊ သူတို့ငိုရင်ချော့ဖို့၊ အိပ်ချိန်မှာ ပုခက် လွှဲပေးဖို့ လုပ်ရတာနဲ့ လင်မယား နှစ်ယောက် စလုံးမှာ အနားယူချိန်ဆိုတာ မရှိသလောက် ပါပဲ။ ပိုဆိုးတာက အစကတည်းက စားဝတ် နေရေးအဆင်မပြေတော့ ဒီကလေးတွေရဲ့ နို့မှုန့်ဖိုးအပြင် ကိုမြင့်ထွေးတို့လင်မယားနဲ့ သူတို့ရဲ့ အသက်ခုနစ်နှစ်အရွယ် သမီးကြီးတစ်ယောက်စားဖို့ သောက်ဖို့လည်း တော်တော်လေး အခက်အခဲဖြစ် ရပါတယ်။

၂ဝ၁၃ခုနှစ် မေ ၁၇ရက်မှာ လူ့လောကကို ရောက်ခဲ့တဲ့ လေးမြွှာပူးကလေးလေး တွေကို သထုံ ပြည်သူ့ဆေးရုံကြီးမှာ မွေးဖွားသန့်စင်ခဲ့တာပါ။ လူ့ လောကကို ရောက်လာကတည်းက မိခင်နို့ကို ပြည့် ပြည့်ဝဝ မရခဲ့တာ၊ အမိုးမလုံ၊ အကာမလုံ တဲသာသာ အိမ်လေးမှာ ရာသီဥတုဒဏ်ကိုခံခဲ့ရတာ၊ ၂၄နာရီ ပတ်လုံး ကိုယ့်အိမ်အနီးမှာ ကျောက်မိုင်းခွဲလို့ ဆူညံနေတာတွေ ရယ် စတဲ့အခြေအနေဆိုး တွေကြောင့် ကလေးလေးတွေ ဟာ အမြဲလိုလို နာမကျန်းဖြစ်ပြီး ဆေးရုံဆေးခန်းပြနေ ရပါတယ်။ ကျေးဇူးတင်စရာတစ်ခုက ဒီလို ကလေးလေး တွေ နေမကောင်းဖြစ်တိုင်း ပေါင်မြို့နဲ့ ဇင်းကျိုက်မြို့မှာ ရှိတဲ့ ဆေးရုံ/ဆေးခန်းတွေက အခမဲ့ဆေးကုသပေးနေ တာလေးပါပဲ။

နိုင်ငံတော်အစိုးရ၊ လူမှုဝန်ထမ်းကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနကတော့ မွေး မွေးချင်းတုန်းက ငွေသားငါးသိန်း ထောက်ပံ့ကူညီခဲ့တာ ရယ် ပေါင်နဲ့ ဇင်းကျိုက်မြို့ခံတွေ လှူဒါန်းတာတွေရယ်၊ စိတ္တသုခနာရေး ကူညီမှုအသင်း(ပေါင်မြို့)ကလည်း ကလေး လေးတွေအတွက် တစ်နိုင်တစ်ပိုင် လှူဒါန်းခဲ့တာရယ်၊ ရန် ကုန်၊ နေပြည်တော် စတဲ့မြို့တွေက အလှူရှင်တွေရယ်၊ ပြီး တော့ Yangon Media Group ဖေ့စ်ဘွတ်ခ်စာမျက်နှာက နေ သူတို့လေး တွေရဲ့သတင်းကိုဖတ်ရပြီး နိုင်ငံခြားရောက် နေတဲ့မြန်မာတွေက ငါးသောင်းစ၊ တစ်သိန်းစ လာလှူကြ လို့သာ ဒီတစ်နှစ်တာအတွင်းမှာ သူတို့မိသားစု ထမင်းနပ် မှန်ခဲ့ရတဲ့အကြောင်း ကိုမြင့်ထွေးက ပြောပြပါတယ်။

ဒီနေရာမှာ သူတို့ကျေးဇူးအထူးတင်ရတဲ့ လူတစ် ယောက်ကတော့ သက်ပိုင်စိုး ကုမ္ပဏီပိုင်ရှင်ပါလို့ကိုမြင့်ထွေးကဆက်ပြောပြပါတယ်။''အလှူရှင်တွေလာလှူတဲ့ ငွေတွေကို ကလေးလေးတွေအတွက် နို့မှုန့်ဝယ်လို့ကုန် သွားတာပဲ။ တချို့ နို့မှုန့်တစ်ဘူး၊ နှစ်ဘူး လာလှူရင်လဲ တစ်ပတ်ထက်ပိုမခံဘူး။ ကလေးတွေကြီး လာတော့ နို့မှုန့် ကုန်တဲ့နှုန်းကလဲ မြင့်လာတယ်။ နောက်ဆုံး ကျွန်တော်တို့ မှာ တိုက်စရာနို့မှုန့်မရှိတော့လို့ တော်တော်လေးဒုက္ခဖြစ် နေတဲ့အချိန်မှာ သက်ပိုင်စိုး ကုမ္ပဏီက ကလေးတွေအတွက် နို့မှုန့် ၁၃ ပါကင်လောက်လာလှူလို့ တော်တော်လေး အဆင်ပြေသွားတယ်။ မဟုတ်ရင် ကလေးတွေအသက် ရှင်ဖို့ ကျွန်တော်တို့ ဘာလုပ်ရမှန်းမသိတော့ဘူး''လို့ ပြော ပြပါတယ်။ ပြီးတော့ သက်ပိုင်စိုးကုမ္ပဏီက နောက်ထပ် လိုသလောက် နို့မှုန့်ဘူးတွေကို ဆက်ပြီး ထောက်ပံ့သွား မယ့်အကြောင်းနဲ့ ဒီလိုကူညီပေးတဲ့ကျေးဇူးအတွက် ဒီကျေး ဇူးတရားတွေကို အမြဲအမှတ်ရနေမယ့်အကြောင်း ကိုမြင့် ထွေးက ဆက်ပြောပါတယ်။

ဒါ့အပြင် ကလေးလေးတွေ အတွက် ပုံစံအမျိုးမျိုးနဲ့ အကူအညီပေးခဲ့တဲ့လူတွေ၊ ငွေ ကြေးထောက်ပံ့ကူညီပေးခဲ့တဲ့ အလှူရှင်အားလုံးကိုလည်း အင်မတန်ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းကိုလည်း ဒေါ်သီတာက မျက်ရည်ဝဲဝဲနဲ့ပြောပါတယ်။ဒီလို အလှူရှင်တွေကိုအမှီပြုပြီး မနက်ဖြန်တွေကို ဆက်ပြီးလျှောက်လမ်းနိုင်ဖို့ ကြိုးစားနေရပေမယ့် ဒေါ်သီ တာ နောက်ဆုံး ပြောလိုက်တဲ့စကားတစ်ခွန်းကတော့ ''ကျွန် မက အမေတစ်ယောက်ဖြစ်လို့ ကိုယ့်ကလေးတွေကို ကိုယ် ရှာကျွေးချင်တယ်။ ကိုယ့်နို့ရည်ပဲတိုက်ချင်တယ်။ ဒါပေမဲ့ ကျွန်မတို့အလုပ်သွားလုပ်ရင် ဒီကလေးတွေကို ကြည့်ပေး မဲ့သူမရှိဘူး။ အဲဒီထက်ဝမ်းနည်းတာက ကျွန်မမှာ နို့တစ်စုံ ပဲရှိတယ်။ တိုက်ရမှာက ကလေးလေး ယောက်။ ဒီလေး ယောက်စလုံး နို့ဝအောင် ကျွန်မ ဘယ်လို တိုက်နိုင်ပါ့မလဲ။ ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် ကျွန်မတောင်းချင် တဲ့ဆုက ကျွန်မ နို့တစ်စုံအပိုလိုချင်တယ်။ သူတို့လေးတွေ အတွက် ကျွန်မနို့ တစ်စုံ အပိုလိုချင်တယ်''။

မင်းညီ
Yangon Times Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...