ရန်ကုန် အောက်တိုဘာ ၈
လသာမြို့နယ် သံဈေးအနီး ကလေးများ မီးရှူး ဗြောက်အိုး ဖောက်ရာမှ ပွင့်နေသော ဈေးတံခါးမှတစ်ဆင့် ပထမထပ်ရှိ ဆိုင်အမှတ် ၁၄ ကြွေထည် ပစ္စည်းများ ရောင်းသောဆိုင် မီးလောင်မှု အောက်တိုဘာ ၈ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။ဆိုင်အမှတ် ၁၄ မှတစ်ဆင့်ရှိ ဆိုင်ခန်းသုံးခန်းသို့ မီးကူးစက် လောင်ကျွမ်းပြီး ဆိုင်ခန်း စုစုပေါင်း လေးခန်း လောင်ကျွမ်းခဲ့သည်ဟု မီးသတ် အရာရှိတစ်ဦးက ဆိုသည်။
မီးငြှိမ်းရာတွင် ကြည့်နေသူ အမျိုးသားတစ်ဦးက "အထဲက ဘာတွေ လောင်တယ်တော့ မသိဘူး၊ မီးသတ်ကားတွေ အစီး ၂၀ ကျော်လောက် လာတယ်"ဟု ဆိုသည်။
ဈေးအတွင်း လောင်နေသော မီးများမှာ ည ၇ နာရီခွဲခန့်တွင် ငြိမ်းသွားခဲ့ပြီး မီးလောင်ရာသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးတင်မိုး ကိုယ်တိုင် ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။
အလားတူ ည ၇ နာရီခွဲခန့်တွင် ကျောက်တန်းမြို့နယ် ရွှေကုန်းရပ်ကွက် အရှေ့ကုန်းအပိုင်း ဖွံ့ဖြိုးရေး (၁)လမ်း၊ အမှတ် (၁၁၇၈) ပိုင်ရှင် ဒေါ်ခင်မျိုးရီ၏ အိမ်မီတာအတွင်း တပ်ဆင်ထားသော ၀ိုင်ယာကြိုး ရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းမီးသတ်တပ်ဖွဲ့မှ သိရသည်။
လောင်နေသော မီးကို ည ၇ နာရီ ၅၅ မိနစ်ခန့်တွင် ထိန်းပေးနိုင်ခဲ့ပြီး ည ၈ နာရီတွင် မီးငြိမ်းနိုင်ခဲ့သည်။
0 comments:
Post a Comment