Thursday, October 9, 2014

ဂျာမန်နှင့် အမေရိကန် သိပ္ပံပညာရှင် နှစ်ဦး ၂၀၁၄ ခုနှစ်အတွက် ဓာတုဗေဒ နိုဗယ်လ်ဆု ရရှိ


စတော့ဟုမ်း အောက်တိုဘာ ၈

အမေရိကန်သိပ္ပံပညာရှင် အီရစ်ဘတ်ဇစ်၊ ဝီလျံမိုနာနှင့် ဂျာမန်သိပ္ပံပညာရှင် စတီဖန်ဟဲလ်တို့ သုံးဦးသည် ယခင်ရှိပြီး ဖြစ်သည့် အဏုကြည့် ကိရိယာကို ပိုမို အသေးစိတ် မြင်နိုင်အောင် ဖန်တီး တီထွင် နိုင်ခဲ့သောကြောင့် ၂၀၁၄ ခုနှစ်အတွက် ဓာတုဗေဒ နိုဘယ်လ်ဆုကို အောက်တိုဘာ ၈ ရက်တွင် ပူးတွဲ ဆွတ်ခူး ရရှိခဲ့ကြသည်။၎င်းတို့သုံးဦးသည် ယခင်ရှိပြီးသား သမားရိုးကျ အဏုကြည့် ကိရိယာထက် ပုံရိပ်ကို ပိုမိုပြတ်သားစွာ ကြည့်ရှုနိုင်သည့် အဏုကြည့် ကိရိယာကို တီထွင် ဖန်တီးနိုင်သည့် အတွက် ဓာတုဗေဒ နိုဘယ်လ်ဆုကို ချီးမြှင့်ရခြင်း ဖြစ်ကြောင်း ဆွီဒင် တော်ဝင် အကယ်ဒမီက ပြောကြားသည်။

အသက်(၅၄)နှစ်ရှိ အီရစ်ဘတ်ဇစ်သည် အက်ရှ်ဘမ်မြို့ရှိ ဟောင်းဝပ်ဟူဂက်စ် ဆေးတက္ကသိုလ်တွင် အလုပ်လုပ်နေသူ ဖြစ်သည်။ အသက် (၆၁)နှစ်ရှိ ဝီလျံမိုနာသည် ကာလီဖိုးနီးယား ပြည်နယ်ရှိ စတမ်းဖို့ဒ် တက္ကသိုလ်မှ ပါမောက္ခတစ်ဦး ဖြစ်သည်။ အသက်(၅၁) နှစ်ရှိ ဂျာမန် သိပ္ပံပညာရှင် စတီဖန် ဟဲလ်သည် ဂေါ့တင်ဂျန်မြို့ရှိ မက်စ် ပလန့်ခ် အင်စတီကျု၏ ဇီဝရူပဗေဒဆိုင်ရာ ဓာတုဗေဒ ဒါရိုက်တာ တစ်ဦး ဖြစ်သည်။

ကာလကြာရှည်စွာ အသုံးပြုလာခဲ့သည့် သမားရိုးကျ အဏုကြည့် ကိရိယာများသည် အလင်း၏ လှိုင်းအလျား အကန့်အသတ်ဖြင့်သာ အသုံးပြုခဲ့ရသည်။ သိပ္ပံ ပညာရှင်များက သုည ဒသမ ၂ မိုက္ကရိုမီတာထက် ပုံရိပ် ပြတ်သားမှုရှိသည့် အဏုကြည့် ကိရိယာ ပေါ်ထွက်လာမည် မဟုတ်ဟု ယူဆခဲ့ကြသည်။ သို့သော် အလင်းတန်း မော်လီကျူးများ၏ အကူအညီကြောင့် သိပ္ပံပညာရှင် သုံးဦးတို့သည် အလင်း၏ အကန့်အသတ်ကို ကျော်လွှားနိုင်ခဲ့ပြီး သမားရိုးကျ အဏုကြည့် ကိရိယာမှ အသွင်သစ် တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ကြသည်။ အသွင်သစ် အဏုကြည့် ကိရိယာသည် ရောဂါပိုးနှင့် ဆက်နွှယ်နေသည့် အသားဓာတ်များ၏ စုစည်းမှု အပါအဝင် ဆဲလ်များ အတွင်းပိုင်းရှိ မော်လီကျူးများ၏ အပြန်အလှန် တုံ့ပြန်ပုံများကိုပါ ကြည့်ရှု လေ့လာနိုင်မည် ဖြစ်ကြောင်း ဆွီဒင်တော်ဝင် အကယ်ဒမီက ပြောကြားသည်။

၂၀၁၄ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို အပြာရောင် အလင်းထွက် LED အလင်းထုတ် ပစ္စည်းကို တီထွင်ခဲ့သူ ဂျပန်သိပ္ပံပညာရှင် သုံးဦးက ပူးတွဲရရှိသွားခဲ့သည်။ ၎င်းတို့မှာ ဂျပန်နိုင်ငံ နာဂိုရာ တက္ကသိုလ်မှ အီဆာမူအကာဆာကီနှင့် ဟီရိုရှီ အမာနိုတို့ဖြစ်ကြပြီး နောက်တစ်ဦးမှာ ကာလီဖိုးနီးယား တက္ကသိုလ်မှ ဂျပန် အမေရိကန်ကပြား ရှူဂျီ နာကာမူရာတို့ ဖြစ်ကြသည်။ ပါမောက္ခ အီဆာမူ အကာဆာကီ၊ ဟီရိုရှီ အမာနိုနှင့် ရှူဂျီနာကာမူရာတို့သည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် အပြာရောင် အလင်းထွက် ပထမဆုံး LED ကို တီထွင်ခဲ့ကြခြင်း ဖြစ်သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...