Friday, October 17, 2014

ကာချုပ်နဲ့ စာနယ်ဇင်းကောင်စီ တွေ့ဆုံပွဲ အမှန်တကယ် အကျိုးရှိရဲ့လား?



ပြီးခဲ့သည့် အောက်တိုဘာ၁၄ရက် နေ့ကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်မှ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ
(ယာယီ)က ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး(ဖိုးသောကြာ)ဦးဆောင်တဲ့ စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင်များနဲ့ တွေ့ဆုံခဲ့ပြီး တပ်မတော်နဲ့ သတင်းမီဒီယာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စတွေကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒီတွေ့ဆုံဆွေးနွေးမှုက ရင်းနှီးပွင့်လင်းမှုရှိပြီး အပြုသဘောဆောင် အောင်မြင်တဲ့ ဆွေးနွေးပွဲ ဖြစ်ကြောင်း အခိုင်အမာခံယူတယ်လို့စာနယ်ဇင်းကောင်စီ(ယာယီ)ရဲ့ ဆွေးနွေးပွဲအပြီး ကြေညာချက်မှာဖတ်လိုက်ရပါတယ်။
ကောင်းပါပြီ ၃ နာရီကျော်ကြာခဲ့တဲ့ ဒီတွေ့ဆုံမှုဟာတကယ်ပဲ အကျိုးရှိသလား မရှိဘူးလားဆိုတာကိုဒီတစ်ပတ်မှာ ဆွေးနွေး သွားပါ့မယ်။

ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ
မီဒီယာသမားတွေနဲ့ တွေ့ဆုံဖူးတဲ့ မှတ်တမ်းတွေရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီလိုတွေ့ဆုံမှုတွေဟာ သာမန် သတင်းစာရှင်းလင်းပွဲ ပုံစံလောက်သာ ဖြစ်ပါတယ်။ ယခုတခါတွေ့ဆုံမှုကတော့
သတင်းစာရှင်းလင်းပွဲမဟုတ်ဘဲ တပ်မတော်နဲ့ မီဒီယာလောကကြားမှာ လိုအပ်နေတဲ့ နားလည်မှုနဲ့ ချိတ်ဆက်မှုလေးတွေကို ရင်းနှီးစွာနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးကြခြင်း ပဲဖြစ်ပါတယ်။

ရင်းရင်းနှီးနှီး ဆိုတဲ့ အတိုင်း နှစ်ဖက်စလုံးက အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးတိုင်ပင် ကြတာကို တွေ့ရပါတယ်။ စာနယ်ဇင်းကောင်စီ ဘက်ကလည်း တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာသမားများ သတင်းရယူရာမှာ ကြုံရသည့်အခက်အခဲတွေ ပြသနာတွေကို တင်ပြဆွေးနွေးခဲ့သလို
တပ်မတော်ဘက်ကလည်း သတင်းများကို ထိန်းထိန်းသိမ်း သိမ်းထုတ်ပြန်နေရတဲ့ အခြေအနေများကိုပွင့် ပွင့်လင်းလင်းပြန်လည် ဆွေးနွေးခဲ့ပါတယ်။ ဘာလို့ ထိန်းထိန်းသိမ်းသိမ်း
ထုတ်ပြန်ရသလဲဆိုတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ပြည်ပရန်နှိမ်နှင်းရေး တိုက်ခိုက်မှု မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင် အချို့က သဘောတူခွင့်ပြုထားတဲ့ အတိုင်း လိုက်နာမှုမရှိဘဲ ပစ်ခတ်မှုများပြုလုပ်လို့ မလွှဲမရှောင်သာ တပ်မတော်မှ မိမိကိုယ်ကို လုံလောက်သော ကာကွယ်ခဲ့ရခြင်းသာ ဖြစ်တဲ့အတွက် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်းတွေ ပြုလုပ်ပါက အမုန်းတရား၊ အာဃာတ တရားများသာ တိုးပွားလာစေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အထိခိုက်မခံနိုင်လို့ သတင်းကို ထိန်းသိမ်း ထုတ်ပြန်ခြင်းသာ ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုပါတယ်။

မှန်ပါတယ် ယခုလက်ရှိဖြစ်ပျက်နေတာဟာ ပြည်ပရန်ကိုတိုက်နေကြတာမဟုတ်ဘဲ တစ်မြေတည်းနေ တစ်ရေတည်းသောက်တဲ့ တိုင်းရင်းသားအချင်းချင်းဖြစ်နေကြတာသာ ဖြစ်ပါတယ်။ ဒီလိုအချင်းချင်းဖြစ်နေတဲ့တိုက်ပွဲတွေမှာ ဘယ်ဘက်ကတော့ ဘယ်နှယောက်ထိကျတယ်၊ ဘယ်သူကဘယ်လောက် ဒဏ်ရာရသွားတယ် စတာတွေကို သတင်းတွေ စိတ်ထိခိုက်စရာပုံတွေနဲ့ တိတိကျကျသော်လည်းကောင်း ပို၍သော်လည်းကောင်း ထုတ်ပြန်နေမယ်ဆိုရင် လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ အောင်မြင်လာမှာ မဟုတ်ဘဲ အချင်းချင်း အာဃာတတွေ အငြိုးတွေ အမုန်းတွေသာ တိုးပွားလာဖို့ရှိပါတယ်။ တပ်မတော်ဘက်က ဒီလိုသဘောထားရှိပေမဲ့လည်း တချို့လက်နက်ကိုင်အဖွဲ့တွေကတော့ ၀ါဒဖြန့်ချိရေး အနေနဲ့ သော်လည်းကောင်း၊ တပ်မတော်အပေါ် ပြည်သူလူထု ယုံကြည်မှုကင်းမဲ့စေလို၍ သော်လည်းကောင်း တိုက်ပွဲဖြစ်ပြီဆို ဦးဦးဖျားဖျား အလျင်အမြန် သတင်းတွေ ထုတ်ပြန်ကြတာတွေ တွေ့ရပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးအပေါ်မှာ အမှန်တကယ်အလေးထားသူတွေအတွက် မလုပ်သင့် မလုပ်ထိုက်တဲ့ အပြုအမူတွေပဲ ဖြစ်ပါတယ်။

ဒီလိုတိုက်ပွဲသတင်းတွေတက်လာရာမှာ မီဒီယာတွေအနေနဲ့ တပ်မတော်ထံမှ အတည်ပြု သတင်းရယူဖို့ ခက်ခဲကြပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေပြောတဲ့တစ်ဖက်သတ် သတင်းများကိုသာ ဖော်ပြနေခဲ့ရပါတယ်။ ဒါကြောင့်လဲ တစ်ဖက်ကပြောတဲ့ တိုက်ပွဲမှာ တပ်ဖက်က အယောက် ၂၀ ကျပြီး မိမိဘက်က ထိခိုက်ဒဏ်ရာရမှုတောင် မရှိတာတို့၊ သူတို့ ပစ်လို့ ကျွန်တော်တို့က ခုခံရတာတို့ ဆိုတဲ့ တစ်ဖက်အပြောတွေကို ပဲ မီဒီယာတွေက ရေးသားကြတဲ့ အခါ ပြည့်စုံတိကျတဲ့ သတင်းတွေကို မသိရှိရဘဲတပ်မတော်အပေါ် ပြည်သူတွေက အထင်အမြင်လွဲနိုင်ပါတယ်။ ဒါ့အပြင်တချို့သော မီဒီယာတွေကလည်း ပုဂ္ဂလိက ခံစားချက်ကို ရှေ့တန်းတင်ပြီး တပ်ဖက်ကသတင်းဆို အတည်ပြုယူဖို့ မကြိုးစားကြဘဲ တဖက်သတ်ရလာတဲ့ သတင်းကိုသာ အခြေခံရေးသားမှုတွေကြောင့် တပ်မတော်အနေနဲ့လည်း အလွန်နစ်နာရပါတယ်။

ဒီအခက်အခဲတွေကို ပြေလည်စေဖို့ တပ်မတော်နဲ့ မီဒီယာကြားမှာ ထိတွေဆက်ဆံနိုင်မဲ့ Contact Person တွေလိုအပ်ပါတယ်။ ဒါကြောင့်လဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတင်း မီဒီယာများနှင့် ဆက်ဆံ ဆက်သွယ်နိုင်ရေး Contact Person တွေအဖြစ် ကာကွယ်ရေး ဝန်ကြီး ဌာနမှ ဗိုလ်မှူးချုပ် အောင်သော်၊ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဗိုလ်ချုပ် အောင်ရဲဝင်း တို့အား တာဝန်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အင်မတန်ကောင်းမွန်ပါတယ်။ တပ်မတော်နဲ့ ဆိုင်တဲ့ သတင်းတွေမှာ ပုဂ္ဂလိက ခံစားချက် ရှေ့တန်းတင်ပြီး ရေးသားနေတဲ့ မီဒီယာအချို့ရဲ့ ဖော်ပြမှုတွေရှိလင့်ကစား ကျင့်ဝတ်သိက္ခာရှိတဲ့ မီဒီယာတွေက တပ်မတော်ဆီက အတည်ပြုချက်သတင်းမှန်တွေကို သိရှိပြီး မှန်မှန်ကန်ကန် ဖော်ပြလာတဲ့ အခါမှာ ပြည်သူတွေအနေနဲ့လည်း ဘယ်ဟာက ဖြစ်ရပ်မှန် ဘယ်ဟာက အမှားလဲ ဆိုတာ ခွဲခြားသိရှိလာနိုင်တဲ့အတွက် များစွာအကျိုးရှိပါတယ်။ တိုက်ပွဲသတင်းမှ မဟုတ်ပါဘူး။ အခြားသောတပ်မတော်နဲ့ ဆိုင်တဲ့သတင်းတွေမှာလည်း တပ်ဘက်က အတည်ပြုချက်ကို
ရယူနိုင်တဲ့ အခါ မီဒီယာတွေအနေနဲ့ မှန်ကန်တဲ့ သတင်းတွေကို ထုတ်ပြန်လာနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ တပ်မတော်သားနဲ့ အရပ်သား ရန်ဖြစ်တယ်။ တပ်မတော်သားရိုက်လို့ အရပ်သားခေါင်းကွဲသွားတယ်။ ဒီလောက်ပဲ မီဒီယာတွေက ဖော်ပြတဲ့အခါ တပ်မတော်သားတွေပဲ ဆိုးနေသယောင်ယောင် ပြည်သူတွေအမြင်လွဲ နိုင်ပါတယ်။ တပ်ဖက်က အတည်ပြုသတင်းတွေရယူလာနိုင်တဲ့ အခါ တပ်မတော်သားနဲ့ အရပ်သား ရန်ဖြစ်တယ်။ ဖြစ်ရတဲ့အကြောင်းက တပ်မတော်သားကို အရပ်သားကမူးပြီး ရန်စတယ်။ ဒီလိုမျိုးလေးတွေ ဖော်ပြလာတဲ့အခါ တပ်မတော်သားကအနိုင်ကျင့်တာမဟုတ်ဘဲ ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ သတင်းမှန်တွေကို ပြည်သူတွေက သိရှိလာနိုင်ပါတယ်။ ဒီနေရာမှာ မီဒီယာတွေအနေနဲ့လည်း ဖြစ်စဉ်အမှန်ကို သိရတဲ့အခါမှာ ပုဂ္ဂိုလ်ရေးခံစားချက်တွေကို ရှေ့တန်းမတင်ဘဲ အမှန်ကိုအမှန်အတိုင်း ဘက်မလိုက်ဘဲ စတုတ္ထမဏ္ဍိုင်ပီသစွာ ရေးသားဖော်ပြကြဖို့လည်း လိုအပ်ပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကမီဒီယာတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးရာမှာ တပ်မတော်အပေါ် ''အစိုးရစစ်တပ်'' ဆိုတဲ့ အသုံးအနှုန်း ''စစ်တပ်'' ဆိုတဲ့ အသုံးနှုန်းတွေနဲ့ သုံးနှုန်းရေးသားပြီး လက်နက်ကိုင် အဖွဲ့များအပေါ် ''---တပ်မတော်'' ဆိုတဲ့ အသုံးအနှုန်းများဖြင့် ရေးသား ပြောဆိုနေမှုများဟာ သတိပြုဖွယ်ဖြစ်ကြောင်း ၊ ပုဂ္ဂလိက ခံစားချက်ကိုသာ ဦးစားပေး၍ ရေးသားနေခြင်းဟာ အတွေးမှား၊ အမြင်မှား၊ သမိုင်းအမှားများ ဖြစ်ပေါ် စေကာ ခံယူချက်၊ ယုံကြည်ချက်နှင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို ထိခိုက်လာစေပြီး သတင်း ဆိုသည်မှာ ကုန်ကြမ်းသာဖြစ်ပြီး မှန်ကန်မှု၊ ခိုင်မာမှု ရှိ/မရှိ စိစစ်ရန် လိုအပ်မှာ ဖြစ်ကြောင်း ပုဂ္ဂလိက မီဒီယာများ အနေဖြင့် အရေးအသား၊ အသုံးအနှုန်းများမှစ၍ ထိန်းသိမ်းဆောင်ရွက် နိုင်စေရေးကိုလည်း ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။ မှန်ပါတယ် ဒီလို တပ်မတော်အပေါ် အစိုးရ စစ်တပ်၊ စစ်တပ် စတဲ့ အသုံးအနှုန်းတွေ သုံးနှုန်းတာတွေ၊ လက်နက်ကိုင်အဖွဲ့တွေအပေါ်တော့ ဘာ တပ်မတော် ညာ တပ်မတော်ဆိုပြီး သုံးနှုန်းတာတွေကို တချို့ မီဒီယာတွေမှာ တွေ့ရတတ်ပါတယ်။ ဒါတွေကိုလည်း မီဒီယာတွေအနေနဲ့ ပြုပြင်ဖို့ လိုအပ်ပြီး ပုဂ္ဂလိက ခံစားချက်ကို ဦးစားပေးရေးတဲ့ ကျင့်ဝတ်မရှိတဲ့ မီဒီယာ မဖြစ်အောင် ဆင်ခြင်ကြရမှာ ပဲ ဖြစ်ပါတယ်။

ဒီလို တပ်မတော်နဲ့ မီဒီယာအကြားမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပွင့်လင်းစွာဆွေးနွေးခဲ့ကြသလို လိုအပ်နေတဲ့ ထိတွေ့ဆက်ဆံမှုတွေကိုလည်း ပူးပေါင်းဆောင်ရွက်သွားဖို့ ဒီဆွေးနွေးပွဲမှာ သဘောတူညီခဲ့ကြပါတယ်။ ဒါကြောင့်လဲ
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ကြေညာချက်ထုတ်ပြန်ရာမှာ တွေ့ဆုံဆွေးနွေးမှုသည် ရင်းနှီးပွင့်လင်းမှုရှိပြီး အပြုသဘောဆောင်ကာ တပ်မတော်နှင့်သတင်းမီဒီယာများ အကြား နားလည်မှုရရှိခဲ့ပြီး အနာဂတ်တွင်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ဖော်ဆောင်နိုင်ရေးအတွက် အခြေခံ ကောင်းများရရှိခဲ့တယ်လို့ ဆိုခဲ့တာပါ။

ဒါ့အပြင် ဆွေးနွေးပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
ဒီမိုကရေစီ စနစ်ကို ယုံကြည်တဲ့အကြောင်းပြောဆိုခဲ့သလို အနာဂတ်မြန်မာပြည်ရဲ့ ဒီမိုကရေစီ ဖြစ်စဉ်တိုးတက်အောင် ခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း နိုင်ငံအနေနဲ့ ရှေ့ဆက်သွားမယ့် ပါတီစုံ ဒီမိုကရေစီစနစ်ကို အပြည့်အ၀ထောက်ခံသွားမယ့်အကြောင်း ကတိက၀တ်တွေ ပေးခဲ့တဲ့အတွက် မြန်မာ့ဒီမိုကရေစီအရေးမှာ တပ်မတော်ရဲ့ပါဝင်မှုအပေါ်
စိုးရိမ်မှုတွေ လျော့ကျစေပြီး ယုံကြည်ချက်များတိုးပွားလာစေခဲ့ပါတယ်။

အကျဉ်းချုပ်ရမယ်ဆို ဒီတွေ့ဆုံပွဲဟာ တပ်မတော်နဲ့ မီဒီယာကြားမှာ အကျိုးရှိစေယုံသာမက ပြည်သူတွေအတွက်လည်း များစွာအကျိုးရှိခဲ့တဲ့ တွေ့ဆုံပွဲလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။ တပ်မတော်သတင်းတွေနဲ့ ပတ်သက်လို့ တစ်ဖက်သတ်အရေးတွေကို မြင်တွေ့ ဖတ်ရှုနေရတဲ့ ပြည်သူတွေအနေနဲ့လည်း
သတင်းမှန်တွေကို ဖတ်ရှုလာနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုကဲ့သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)တို့ရဲ့ တွေ့ဆုံမှုဟာ စတုတ္ထ မဏ္ဍိုင်အပေါ်မှာ တပ်မတော်ရဲ့ အလေးထားမှု စေတနာတွေကိုလည်းမြင်တွေ့နိုင်မှာ ဖြစ်သလို
တပ်မတော်နဲ့ စတုတ္ထမဏ္ဍိုင်အကြား ယုံကြည်ချက်တွေ တိုးပွားလာစေနိုင်တာ ဖြစ်လို့ အမှန်တကယ်အကျိုးရှိတဲ့ တွေ့ဆုံမှုလို့ ဆိုရမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

သီဟမြင့်အောင်
ယနေ့သတင်း

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...