Monday, October 20, 2014

ပျောက်ဆုံး မိန်းကလေးငယ် (၄) ဦး တည်းခိုခန်းနှင့် အနှိပ်ခန်း များတွင် ရှာဖွေမည်




တိုက်ကြီး မြို့နယ် ကတန်စိန်ဒေသနှင့် ဥက္ကံမြို့နယ် အတွင်း ပျောက်ဆုံးနေသော မိန်းကလေးငယ် လေးဦးအား ရန်ကုန်ရှိ တည်းခိုခန်းနှင့် အနှိပ်ခန်း များတွင် ရှာဖွေ သွားမည်ဟု တိုက်ကြီးမြို့နယ် တ.စ.ည ပါတီ (ဗဟို ကော်မတီဝင်) ဥက္ကဋ္ဌ ဦးမြင့်သိန်းက The Messenger Media သို့ ပြောသည်။

ကျွန်တော်တို့ ဒီကိစ္စမှာ ဖြစ်နိုင်ချေ နှစ်ခုပဲရှိတယ်။ ပထမတစ်ခုက နယ်စပ်ကို ပို့မယ့် အဆက်အသွယ် မရသေးလို့ ဖွက်ထားတာ ဖြစ်နိုင်တယ်။ နောက်တစ်ခုက မှတ်ပုံတင် မလိုတဲ့ တည်းခိုခန်း၊ အနှိပ်ခန်း တွေမှာ ရောက်နေနိုင်တယ်။ သူတို့ မှတ်ပုံတင် တွေကို မိဘတွေက အခု ကျွန်တော့်ဆီမှာ လာအပ် ထား ပါတယ်။ မနက်ဖြန်မှာ ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရုံးကို သွားပြီး စသုံးလုံးနဲ့ ပူးပေါင်းပြီး တည်းခိုခန်းနဲ့ အနှိပ်ခန်း တွေမှာ ရှာဖွေ သွားမယ် ဟု ၎င်းက ဆိုသည်။

အဆိုပါ မိန်းကလေးငယ် များသည် ပစ္စည်းလု လူသတ်ခံ ရခြင်းမျိုး မဖြစ်နိုင်ကြောင်း၊ မှတ်ပုံတင်ပါ သွားခြင်း မရှိ၍ ပြည်ပသို့ ရောက် ရှိနေ ခြင်းလည်း မဖြစ်နိုင်ကြောင်း၊ ယောက်ျားနောက် လိုက်ပြေး သွားခြင်းလည်း မဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောသည်။ ကျွန်မ တို့လည်း ရွှေပြည်သာ ဘက်တွေမှာ ရဲစခန်း တွေနဲ့ ပူးပေါင်းပြီး ဧည့်စာရင်း စစ်ခွင့်တောင်းပြီး ၀င်စစ်ခဲ့ပါတယ်။ ပျောက်သွား တာက ရှစ်ရက်လောက် ဖြစ်နေတော့ ကျွန်မတို့ လည်း အရမ်း စိတ်သောက ရောက်ရပါတယ် ဟု ပျောက်ဆုံးနေသူ တစ်ဦး၏ မိခင်က ဆိုသည်။ တိုက်ကြီး မြို့နယ်နှင့် ဥက္ကံမြို့နယ် ရဲစခန်း များမှလည်း ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်၊ အောင်မင်္ဂလာ အဝေးပြေး စသည့်နေရာ များတွင် စုံစမ်းစစ်ဆေး ရှာဖွေမှုများ ပြုလုပ်နေကြောင်း ဥက္ကံ ရဲစခန်းမှ အမှုစစ်က ဆိုသည်။

အဆိုပါ ကိစ္စရပ်များ မဖြစ်ပွားမှီ သုံးလခန့် ကလည်း တိုက်ကြီး မြို့နယ် အတွင်း အိမ်ထောင်ရှိ အမျိုးသမီး ငါးဦး ပြန်ပေးဆွဲခံရသည့် ပုံစံဖြင့် တောထဲ တစ်နေရာတွင် ဖွက်ထားခဲ့သည်များရှိ ခဲ့ကြောင်း၊ လွန်ခဲ့သော တစ်လခန့် ကလည်း ပြည်ပသို့ အလုပ်ရမည်ဟု ဆိုကာ ငွေလိမ်ယူ သွား၍ တစ်ဖက်တွင် အလုပ်မရဖြစ်ကာ တိုက်ကြီးသို့ ပြန်ရောက်နေသော မောင်နှမ နှစ်ယောက် မှလည်း ရဲစခန်းတွင် အမှုဖွင့်ထားခဲ့သည်များ ရှိကြောင်း တိုက်ကြီးမြို့နယ် တ.စ.ည ပါတီ ဥက္ကဋ္ဌ ထံမှ သိရသည်။

Monday, October 20, 2014
Messenger News Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...