Sunday, October 26, 2014

အီဂျစ် နိုင်ငံ ဆိုင်းနိုင်း ကျွန်းဆွယ်တွင် အရေးပေါ် အခြေအနေ ထုတ်ပြန်


အီဂျစ်နိုင်ငံ ဆိုင်းနိုင်း ကျွန်းဆွယ်မြောက်ပိုင်း အီလ်-အာရစ်ခ်ျမြို့ အနောက်မြောက်ပိုင်း ဒေသရှိ
စစ်ဆေးရေးဂိတ် တစ်ခုအတွင်း အောက်တိုဘာ ၂၄ ရက်က အသေခံကား ဗုံးခွဲ တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ရာ အစိုးရ တပ်ဖွဲ့ဝင် ၃ဝ ဦး သေဆုံးခဲ့ပြီး အခြား၂၉ ဦး ဒဏ်ရာ ရရှိခဲ့ပြီးနောက် အဆိုပါ ကျွန်းဆွယ်မြောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသများတွင် သုံးလသက်တမ်းရှိ အရေးပေါ် အခြေအနေ တစ်ရပ်ကို အစိုးရအဖွဲ့က တရားဝင် ထုတ်ပြန် ကြေညာ ခဲ့ကြောင်း သိရသည်။

အဆိုပါ သုံးလသက်တမ်းရှိ အရေးပေါ် ကြေညာချက်သည် အောက်တိုဘာ ၂၅ ရက် မှ စတင် အကျုံးဝင်မည် ဖြစ်ကြောင်း လုံခြုံရေး အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါ အသေခံ ကားဗုံးခွဲ တိုက်ခိုက်မှုကို ဂျီဟတ်စစ်သွေးကြွဟု ယူဆရသူများက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး မိုဟာမက်မော်စီကို ရာထူးမှ ဖယ်ရှားပြီး နောက်ပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ အပေါ် တိုက်ခိုက်မှုများ အရှိန်တိုးမြှင့် လုပ်ဆောင်ခဲ့ကြောင်း သမ္မတရုံးမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အတူ ဂါဇာကမ်းမြောင် အတွင်းသို့ ဖြတ်ကျော် ဝင်ရောက်နိုင်သည့် ရာဖာမြို့ကို ပိတ်ပစ်ရန်လည်း အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...