
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အီဘိုလာရောဂါ ကူးစက်နေသော နိုင်ငံခြားသားသုံးဦး အပါအဝင် သတင်းထောက်တစ်ဦး လွတ်မြောက်နေသောကြောင့် ၎င်းတို့လေးဦးကို တွေ့ရှိပါက သတင်းပေးပို့ရန် သတင်းရဲတပ်ဖွဲ့က မြို့နယ်စခန်းများသို့ ကြေးနန်းစာများ ပေးပို့ခဲ့မှုမှာ နားလည်မှု လွဲမှားခဲ့ခြင်း ဖြစ်ကြောင်း အမှတ် (၂) သတင်းတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကျော်စိုးက ပြောကြားသည်။
“ဒီထုတ်ပြန်ချက်က နယ်မြေရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက် လွဲချော်ခဲ့တာကြောင့်ပါ။ လတ်တလောမှာ သတင်းလွဲမှားနေတယ် ဆိုတာကိုပဲ အတည်ပြုပေးနိုင်ပါသေးတယ်” ဟု ၎င်းကဆိုသည်။
အင်တာနက် စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိသော ကျောက်တံတားနယ်မြေ တာဝန်ခံဆိုသူတစ်ဦး၏ အမည်နှင့် ဖုန်းနံပါတ် ပူးတွဲဖော်ပြထားသော လေဆိပ်မှ လွတ်မြောက်ခဲ့သော အီဘိုလာရောဂါ ကူးစက်ခံနေရသူများကို အကြောင်းကြားပေးရန် ထုတ်ပြန် ကြေညာချက်မှာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခြင်း မဟုတ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက အကြီးတန်း အရာရှိတစ်ဦးက အောက်တိုဘာလ ၁၇ ရက်နေ့က The Voice သို့ ပြောကြားသည်။
“အီဘိုလာ ကူးစက်ခံရသူ လေးယောက် လွတ်မြောက်နေတယ်လို့ ဗိုလ်တထောင် ရဲစခန်းကို ကြေးနန်းပို့ထားတာ ရှိတယ်။ တွေ့ရင် သတင်းပြန်ပို့ဖို့ ခရိုင်ရဲတပ်ဖွဲ့ကို ပေးဖို့ထားတာ” ဟု ဗိုလ်တထောင် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ကြေညာခဲ့သော အီဘိုလာရောဂါ ကူးစက်ခံနေရသူ လေးဦးမှာ ဂါနာနိုင်ငံသား၊ ကော်စတာရီကာ နိုင်ငံသား၊ ဂျပန်နိုင်ငံသူနှင့် မြန်မာနိုင်ငံသား DVD သတင်းထောက် တစ်ဦးတို့ ပါဝင်ကြောင်း၊ ယင်းထုတ်ပြန်ချက်မှာ ပုံမှန် တာဝန်ထမ်းဆောင်ရာတွင် နိုင်ငံခြားသား ရှိမရှိကို စုံစမ်းစစ်ဆေးရာမှ ဟိုတယ်နှင့် နားလည်မှု လွဲမှားကာ ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနထံမှ စုံစမ်းသိရှိရသည်။
“မြန်မာနိုင်ငံမှာ အီဘိုလာရောဂါ သံသယဖြစ်ဖွယ် လူနာမရှိပါဘူး။ လေဆိပ်တွေမှာ ကျန်းမာရေး ဝန်ထမ်းတွေက စောင့်ကြည့်စစ်ဆေးရေး လုပ်ငန်းတွေ အချိန်ပြည့် လုပ်ဆောင်နေပါတယ်” ဟု ယင်းဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ရှင်းပြသည်။
အီဘိုလာရောဂါ ကူးစက်ခံရနေရသူဟု ထုတ်ပြန်ကြေညာခဲ့သူ လေးဦးတွင် ပါဝင်ခဲ့သော DVB သတင်းထောက် ဖြစ်သူကို ရောဂါရှိသည်ဟု စွပ်စွဲခံရသောကြောင့် သတင်းဌာန တာဝန်ရှိသူများက ဟိုတယ်နှင့် ကျောက်တံတား မြို့မရဲစခန်းတို့ဆီ သွားရောက် စုံစမ်းမေးမြန်းခဲ့ကြောင်း DVB သတင်းဌာန မြန်မာရုံးမှ တာဝန်ခံ ဦးတိုးဇော်လတ်က ပြောကြားသည်။
“သေချာမစုံစမ်းဘဲ အများပြည်သူ ထိတ်လန့်စေမယ့် အကြောင်းအရာမျိုးတွေကို ရဲကိုယ်တိုင်က လုပ်နေသလို ဖြစ်နေတယ်။ ဒီရောဂါရဲ့ အတိမ်အနက်နဲ့ ဂယက်ကို မသိဘဲ ကာယကံရှင်တွေကို မေးမြန်းစုံစမ်းခြင်း မရှိဘဲ ဒီလို ကြေညာစာတွေ မထုတ်သင့်ဘူး။ ကျန်းမာရေးဌာနဆီက အတည်ပြုချက်တွေပါ ယူပြီးမှ ထုတ်ပြန်သင့်တယ်” ဟု ၎င်းကဆိုသည်။
သြဂုတ်လ ၁၉ ရက် ညက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အာဖရိက အနောက်ပိုင်းဒေသမှ အလုပ်လုပ်ပြီး ပြန်လာသော အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို အီဘိုလာရောဂါ ကူးစက်ခံရသူ သံသယရှိသည်ဟု ဆိုကာ ဝေဘာဂီ အထူးကုဆေးရုံတွင် စောင့်ကြပ် စစ်ဆေးခဲ့ကြောင်း၊ ၎င်း၏ သွေးကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးချက်အရ အီဘိုလာရောဂါပိုး မတွေ့ဘဲ ငှက်ဖျားရောဂါပိုး နှစ်မျိုးသာ စစ်ဆေးတွေ့ရှိကြောင်း သြဂုတ်လ နောက်ဆုံးပတ်တွင် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အနောက်အာဖရိက နိုင်ငံများတွင် စတင်ဖြစ်ပွားခဲ့သော အီဘိုလာရောဂါ ကူးစက်ခံရမှုကြောင့် အောက်တိုဘာ ၁၆ ရက်နေ့အထိ သေဆုံးသူဦးရေမှာ ၄၄၉၃ ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
0 comments:
Post a Comment