Monday, October 20, 2014

ကျေးဇူး သိတတ်ခြင်းမှ သည် နိုင်ငံ့ အကျိုးဆီသို့






၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်ထုတ် ပြည်ထောင်စု နေ့စဉ် သတင်းစာတွင် စိတ်ဝင်စားဖွယ်ရာ ကောင်းသည့် ကာတွန်းလေး တစ်ပုဒ် တွေ့ရ၏။
ထိုကာတွန်း တစ်ကွက်မှာ စာမျက်နှာပေါင်း များစွာကို အဓိပ္ပာယ် ဖွင့်ဆို၍ ရ၏။ ကာတွန်းပါ စာကို ဖော်ပြရလျှင် ''နစ်နာမှုကို ကုစားခွင့်ရဖို့ ဆောင်ရွက်မှုဟာ ဥပဒေနဲ့ အညီပဲ ဖြစ်ရမယ်ဗျ'' ဟု တစ်ယောက်က ပြောပြီး ကျန်တစ်ယောက်က ''မှန်တယ်ဗျို့ စိတ် ခံစားချက် နောက်ကိုပဲ လိုက်မိရင် ဥပဒေ ချိုးဖောက်မှုတွေ ထပ်ဖြစ်ပြီး တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်သွား နိုင်တယ်'' ဟု ဆိုထား၏။ ''ဤသည်မှာလည်း ပညာရှိ သတိဖြစ်ခဲ'' ဖြစ်သည်မို့ တင်ပြ ရေးသားရခြင်း ဖြစ်၏။ လက်ရှိ နိုင်ငံတော် အစိုးရသည် စတင် တာဝန်ယူပြီး မရှေးမနှောင်း ကာလဖြစ်သည့် ၂ဝ၁၁ ခုနှစ် မေလမှ စ၍ အကြောင်း အမျိုးမျိုးကြောင့် ပြစ်ဒဏ် ကျခံနေရသူများအား လူသားချင်း စာနာမှုဖြင့် လွတ်ငြိမ်းချမ်းသာခွင့် များအား ဥပဒေနှင့်အညီ နှစ်စဉ် ခွင့်ပြုပေးခဲ့သည်။ ယခုအကြိမ်တွင် အကျဉ်းသား ၃ဝ၇၃ ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်း ချမ်းသာခွင့်ပြုကာ အကျဉ်းထောင် အသီးသီးမှ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုက်သင့်သော ပြစ်ဒဏ်များ ကျခံပြီး ဖြစ်သည့်အပြင် အကျဉ်းထောင် ကျခံနေစဉ် ကာလအတွင်း စည်းကမ်း ကောင်းမွန်သော သူတို့အား နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသော အားဖြင့် လည်းကောင်း နိုင်ငံတော် သမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂ဝ၄ ပုဒ်မခွဲ (က)နှင့်အညီ အကျဉ်းထောင် အသီးသီးမှ လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း သတင်းတို့က ဆိုသည်။

မည်သို့ပင် ဖြစ်စေ အကျဉ်းထောင်မှ လွတ်မြောက် လာသူများရော၊ မိသားစုများပါ ပျော်စရာကောင်းသော နေ့တစ်နေ့ ဖြစ်ပေလိမ့်မည်။ ထို ပျော်စရာကောင်းသော နေ့မှသည် အနာဂတ်တွင် စိတ်အေး ချမ်းသာစွာ နေထိုင် သွားနိုင်ကြရမည် ဖြစ်သည်။ မိမိ အကျိုး၊ ဒေသအကျိုး၊ နိုင်ငံတော်အကျိုး အတွက် သယ်ပိုး ရွက်ဆောင် သွားနိုင်တော့မည် ဖြစ်သည်။ အမှန်စင်စစ် ဤသို့ အကျဉ်း ကျခံရခြင်း၏ အဓိက အကြောင်း သည်ကား ဥပဒေက ခွင့်မပြုသော ပြစ်မှု တစ်စုံတစ်ရာကို ပြုလုပ်မိခြင်းကြောင့် ဖြစ်သည်။

ဥပဒေဘောင် အတွင်း နေထိုင်ခြင်း ဘေးကင်းရန်ကွာ လွန်ချမ်းသာဟူသော ဆောင်ပုဒ် ရှိသည်။ ဥပဒေ ဘောင်အတွင်းမှသာ နေထိုင်ပြုမူ ပြောဆို လုပ်ကိုင်သွားကြမည် ဆိုလျှင် စိတ်အေးချမ်းသာစွာ နေထိုင်နိုင် ကြမည် ဖြစ်သည်။ လူသားတိုင်းက ဥပဒေကို လေးစား လိုက်နာကြရမည် ဖြစ်သည်။ သို့ရာတွင် လူအချို့၊ ပုဂ္ဂိုလ်အချို့သည် မမျှော်လင့်သော ပြုမူ လုပ်ဆောင်ချက်ကြောင့် သော်လည်းကောင်း၊ အကြောင်း တစ်ခုခုကြောင့် သော်လည်းကောင်း၊ ရှေးက ပြုခဲ့ဖူးသော အတိတ်ကံတို့ကြောင့် သော်လည်းကောင်း အကျဉ်း ထောင်များ၊ အချုပ်ခန်းများ အတွင်း ရောက်ခဲ့ ကြရသည်။ ထိုအမှုကိစ္စတို့သည် အမြဲတမ်း ဖုံးလွှမ်း မနေနိုင်ပါ။ မိမိတို့၏ နေထိုင်မှုတို့အပေါ် မူတည်၍ တစ်နေ့ လွတ်မြောက်ရမည်သာ ဖြစ်သည်။ စိတ်ကောင်း၊ နှလုံးကောင်း ရှိကြသူများအဖို့ အကျဉ်းထောင်များ အတွင်း အမြဲတမ်း မနေနိုင်ပါ။ အနှေးနှင့်အမြန် အပြစ်မှ လွတ်ကင်းရမည်သာ ဖြစ်သည်။

စာရေးသူ အထူး တင်ပြလိုသည်မှာ လွမ်းဖွယ်ရာ ရှိလျှင် နာကြည်းဖွယ်ရာနှင့် ဖြေဆိုသလို နာကြည်း ဖွယ်ရာနှင့် ဆုံလျှင်လည်း လွမ်းမောဖွယ်ရာတွေနဲ့ ဖြေဆိုသည့် ရှေးစာဆို ကဝိတို့က ဆိုမိန့်သည်ကို နှလုံးသွင်းပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံတော် အကျိုးကို တစ်နိုင်တစ်ပိုင် သယ်ပိုးဆောင်ရွက်ခြင်း ကသာလျှင် လူ သာဓုခေါ်၊ နတ် သာဓုခေါ်သော လှုပ်ရှား ဆောင်ရွက်မှု ဖြစ်သည်ဟု ရှုမြင်သုံးသပ် ကြပါလိမ့်မည်။ ဤသို့ တွေးမိရင်း ၂ဝဝ၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်ထုတ် ကြေးမုံ သတင်းစာပါ ဆရာတော် ကထိကရဟန်း၏ ကျေးဇူးတရား ဟူသည် ဆောင်းပါးကို မှီငြမ်းကိုးကား တင်ပြလိုပါ၏။ ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရားသည် အင်္ဂုတ္တရပါဠိတော် (အံ၊၁/၈၆)၌ အောက်ပါအတိုင်း ဟောတော်မူခဲ့၏။

''ရဟန်းတို့ ဤ သက်ရှိလောက အတွင်း၌ ရနိုင်ခဲ၊ တွေ့နိုင်ခဲကုန်သော ပုဂ္ဂိုလ်တို့သည် ဤ နှစ်ယောက် တို့တည်း'' အဘယ် နှစ်ယောက်တို့နည်း-

(၁) သူတစ်ပါး အပေါ်၌ ကိုယ်က ရှေးဦးစွာ ကျေးဇူးပြုသော ပုဗ္ဗကာရီပုဂ္ဂိုလ်။

(၂) သူတစ်ပါးက ကိုယ့်အပေါ် ပြုထားသော ကျေးဇူးကို သိတတ် (အသိအမှတ်ပြုတတ်) ကျေးဇူး တုံ့ဆပ်တတ်သော၊ ကတညူတ၊ ကတဝေဒီ ပုဂ္ဂိုလ်တို့ ဖြစ်ကြသည်။ ရဟန်းတို့ ဤ သက်ရှိလောက အတွင်း၌ ရနိုင်ခဲ၊ တွေ့နိုင်ခဲကုန်သော ပုဂ္ဂိုလ်တို့သည် ဤ နှစ်ယောက်တို့ တည်း။

ဤသို့ မြတ်စွာဘုရား ဟောတော်မူသည့် အတိုင်း သက်ရှိ လောကကြီး အတွင်း၌ သူတစ်ပါး အပေါ် ကိုယ်က စတင်ပြီး ကျေးဇူးပြုသူဖြစ်သော ပုဗ္ဗကာရီ ပုဂ္ဂိုလ်မျိုးသည် အလွန့်အလွန် ရှားပါးလှ၏။ သက်ရှိလောက ကြီးသည် တစ်နေ့ထက် တစ်နေ့ အတ္တကို အရင်းခံ၍ ငါရလိုမှု သို့မဟုတ် လောဘ၊ သူက ငါ့အပေါ် ဘယ်လို၊ ငါ့ချစ်သူအပေါ် ဘယ်လို၊ ငါ့မိဘအပေါ် ဘယ်လို စသည့် ငါနှင့်စပ်သော ဒေါသ၊ ငါမိုးမွှန် နေသဖြင့် အမှားအမှန် မသိမှု၊ မောဟတရားတို့ ပို၍ပို၍ လွှမ်းမိုး လာနေပါ၏။ ဤသို့ အတ္တအရင်းခံစိတ် လွှမ်းမိုးသော ခေတ်ကာလ၌ ''သူ့ဖို့'' လုပ်ရသည့် ကျေးဇူးပြု လုပ်ငန်း လုပ်လိုသူ၊ လုပ်နိုင်သူသည် လူတစ်သန်းတွင် တစ်ယောက် ရွေးကောက် ဖော်ထုတ် ပြသနိုင်ရန် ခဲယဉ်းလှ၏။

ဘယ်သူများလဲဆိုခဲ့ပြီးသော ရနိုင်ခဲသည့် ပုဗ္ဗကာရီ ပုဂ္ဂိုလ်များ သင့်အနီးမှာ ရှိနေ၏။ ဘယ်သူများလဲ သင်သိရဲ့လား၊ အခြားသူများ မဟုတ် သင့်ရဲ့ မိဘတို့ပင်တည်း။ သင့်အပေါ်၌ ကျေးဇူး ပြုကြသည့် အခြား အခြားသော ပုဂ္ဂိုလ်များ ရှိကြသော်လည်း သင့် အမိအဖ တို့လောက်ကား မည်သူမျှ သင့်ကို ကျေးဇူး မပြုနိုင်ကြပေ။ သင့်အမေသည် သင့်ကို ကိုယ်ဝန်အဖြစ် ရရှိသည့် အချိန်မှ စ၍ အသွားအလာ၊ အနေအထိုင် ဆင်ခြင်ခဲ့ရ၏။ အစားအစာ ရွေးချယ် စားသောက် ခဲ့ရ၏။ လပေါင်းများစွာ ကြာအောင် ဝမ်း၌ လွယ်ခဲ့ရ၏။ အသက်ကို ရင်းနှီး၍ မွေးဖွား ခဲ့ရ၏။ မွေးဖွား ပြီးပြန်တော့လည်း အသက်မက ယုယ ပိုက်ထွေးပြီး စောင့်ရှောက် ခဲ့ရ၏။ ဖခင်မှာလည်း အလားတူပင် မိခင်ဝမ်း၌ လွယ်ထားစဉ်မှ စ၍ သားဟူသော မေတ္တာ၊ သမီးဟူသော မေတ္တာဖြင့် အရိပ် တကြည့်ကြည့် နေခဲ့၏။ သင့် မိခင် သင့်ကို မွေးဖွားစဉ် ကာလက သင့် ဖခင် မနေတတ်၊ မထိုင်တတ်၊ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေရ ရှာ၏။ မွေးဖွားပြီး၍ သင့်မျက်နှာ မြင်ရသည့် အခါ၌လည်း အနန္တ မေတ္တာဖြင့် ချီရ၊ ပိုးရ။ ထို့အပြင် ချစ်သော သားမယားနှင့် အိမ်မှာ အတူတူ နေထိုင် လိုသော်လည်း မိသားစု တစ်ခုလုံး အတွက် အိမ်မှာ မနေနိုင်ရှာဘဲ ပြေးရ လွှားရ စီးပွား ရှာရ၏။ သင်သည် ထိုမိဘ နှစ်ပါးတို့၏ ကျေးဇူးကြောင့် ယခုလို လူလား မြောက်ခဲ့ရ၏။ လူနှင့် တူခဲ့ရ၏။ ထိုကျေးဇူး တရားတို့ကို သင် သတိပြုမိ ရဲ့လား။

ေ နောက်တစ်ယောက်သက်ရှိလောကကြီး အတွင်း၌ တွေ့ရခဲ၊ မြင်ရခဲသော နောက် ပုဂ္ဂိုလ် တစ်ယောက်မှာ ကတညူတ၊ ကတဝေဒီ ပုဂ္ဂိုလ်ဖြစ်၏။ ဒီပုဂ္ဂိုလ်ဟာ ကိုယ့်အပေါ် ကျေးဇူးပြုထားသည့် ကျေးဇူးရှင်ကို   မေ့မပစ်ဘူး။ ''သူဟာ ငါ့အပေါ်မှာ ကျေးဇူး ပြုဖူးပေတယ်'' ဟု အသိအမှတ် ပြုထား၏။ ''ကျေးဇူးရှင်ပဲ'' ဟု မြတ်မြတ်နိုးနိုး သဘော ထား၏။ အသိအမှတ် ပြုထားသည့် အတိုင်းလည်း အရိုအသေ   ပြု၏။ ခြေဆုပ်လက်နယ် ပြု၏။ တတ်အား သမျှ ကျွေးမွေး ပြုစု၏။ ဒီလိုပုဂ္ဂိုလ်ကို ယခု လက်ရှိလောကကြီးထဲ၌ အလွန့်အလွန် တွေ့ရခဲ၊ မြင်ရခဲ၏။ လူတစ်ကုဋေတွင် တစ်ယောက်ပင် တွေ့ရဖို့ ခဲယဉ်း၏။ ဤလောက၌ ကျေးဇူးကန်းသူနှင့် ကျေးဇူးသိပြီး ကျေးဇူး တုံ့ပြန်ဆပ်သူ ဟု နှစ်မျိုးရှိရာ   ကျေးဇူးသိပြီး        ကျေးဇူးတုံ့ ပြန်ဆပ်သူက ရှား၏။  ကျေးဇူး ကန်းသူတွေ ကသာ များ၏။   ဤ ရှားပါးသော အမျိုးအစား ထဲ၌ သင် ပါရဲ့လား၊ အမှန်အားဖြင့် ကျေးဇူးကန်းသူ အများစု ကြီးထဲ၌ သင် ပါနေဖို့က များ၏။ အဘယ်ကြောင့် ဆိုသော် သင်တို့သည် ငယ်စဉ်ကလည်း ငယ်လို့၊ ကြီးပြန် တော့လည်း မအားလို့နှင့် အမိအဖ တို့ကို ပြန် မကြည့်မိကြဘူး။ ဒါဟာ ကျေးဇူးကန်းခြင်းပင် ဖြစ်သည်။ ထိုနည်းအတူ ဆရာသမားများ အပေါ် အထူးသဖြင့် မိမိအပေါ် စေတနာစိတ်ဖြင့် ကူညီ ဖေးမခဲ့ကြသူတွေ အပေါ်လည်း အကြောင်းအကျိုး အဖုံဖုံပြကာ ကျေးဇူး ပြန်ဆပ်ရန် စိတ် မဝင်စားခဲ့။ ''ကန်း'' ဆိုသည်မှာ မမြင်ခြင်း ဖြစ်၍ မိဘကျေးဇူးကို မမြင်သူဟု ဆိုလို၏။ ထိုနည်းတူစွာပင် ဆရာသမားများ မိမိအပေါ် စေတနာဖြင့် ကူညီဖေးမ ပေးခဲ့ကြသူတွေ အပေါ်လည်း ကျေးဇူး တရားကို နှုတ်ဖြင့် ထုတ်ဖော် ပြောဆိုရန်ပင် ဝန်လေးခဲ့၏။ ကျေးဇူး ပေးဆပ်ရန်ကား ဝေးပါသေး၏။ အရွယ်ကလေး ထောက်လို့ စိတ်ကောင်းဝင်ကာ မိဘဘက် လှည့်မည်။ တစ်ချိန်က မိမိဆရာသမားများ မိမိအပေါ် စာနာစိတ်ဖြင့် ဖေးမ ကူညီခဲ့ကြသူတွေ အပေါ်လည်း လှည့်မည်။ ကူညီမည်။ ကျေးဇူး ပြန်ဆပ်မည် ဟူသော မနော စိတ်ကူးသည့် အခါတွင်မူ အချိန် နှောင်းခဲ့ပြီ။ မိဘတွေ ကွယ်လွန် သွားကြပြီး ဆရာသမားတွေ အပါအဝင် မိမိအပေါ် ဖေးမ ကူညီသူတွေ မရှိတော့ အို နောက်ကျခဲ့လေပြီ။

  ကျေးဇူးဟူသည်

ဤနေရာ၌ ကျေးဇူးဟူသည် အဘယ်နည်းဟု သိရန် လို၏။ ကျေးဇူး ဆိုသည်မှာ အခြားသော သူတို့က ကိုယ့် အပေါ်မှာ ပြုထားသည့် ကောင်းသော အမှုများ ဖြစ်၏။ ''ဥပကာရ''ဟုခေါ်၏။ ထိုပါဠိ မြန်မာစကား နှစ်လုံးကို တွဲပြီး ''ကျေးဇူး ဥပကာရ'' ဟုလည်း သုံးကြသည်။

ကျေးဇူးကန်း

  ကျေးဇူးရှင်ကို ကျေးဇူးတုံ့ ပြန်ဆပ်နိုင်ပါက တုံ့ပြန်ဆပ်ပါ။ မတုံ့ပြန် ဆပ်နိုင်ပါက နေပါ။ သူတို့ ပြုထားသည့် ကျေးဇူး တရားကိုမူ မချေဖျက် ကောင်းပေ။ ကျေးဇူးကန်းခြင်း၊ ကျေးဇူး ချေဖျက်ခြင်း ဆိုသည်မှာ ကျေးဇူး ပြုဖူးသူအပေါ် မကောင်းသော ကာယကံမှု၊ ဝစီကံမှုဖြင့် တုံ့ပြန်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ဤကဲ့သို့ သူ့ကျေးဇူးကို ချေဖျက်သူသည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူသော အပါယ်လေး ဘုံသို့ မကြာခင် ရောက်ရမည် ဖြစ်၏။ လူ့လောက၌ ကြာကြာမနေရ။ အသက် မရှည်နိုင်။

  ပြောလိုသည့် စကား

တင်ပြ ပြောဆိုသည့် စကားမှာ ''ငါတို့ဟာ ရခဲလှတဲ့ ကျေးဇူးရှင် ပုဗ္ဗကာရီ ပုဂ္ဂိုလ်ကြီးများကို ရရှိထားကြပြီ။ ဒါကြောင့် ဖြစ်ခဲလှတဲ့ ကျေးဇူးသိ၊ ကျေးဇူးဆပ်သူ ''ကတညူတ၊ ကတဝေဒီ ပုဂ္ဂိုလ်များ ဖြစ်အောင် ကြိုးစား ကြမည်'' ဟု ဆုံးဖြတ်ကြကာ ကျေးဇူးတုံ့ ပြန်ဆပ်နိုင် ကြပါစေ။ သူက ကိုယ့်အပေါ် ပြုသော် ကောင်းမှု ကျေးဇူး ဟုခေါ်။ ကိုယ့်ပေါ် ပြုထား ကျေးဇူးတရားကို တတ်အားသမျှ တုံ့ပြန်ဆပ်ရ၏။ မဆပ်လိုနေ မချေဖျက်နဲ့ ချေဖျက်ခဲ့က လေးဝပါယ်ရွာ မလွတ်သာ မကြာသွားရမည်။ ထို့ပြင် ကျေးဇူးတရားနှင့် ပတ်သက်၍ ထပ်မံ တင်ပြလိုပါ၏။ ''သူပြုဖူးသော ကျေးဇူးကို သိခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးကို ရိုသေ လေးစားခြင်းသည် သီလ (အကျင့်ကောင်း) တစ်ခု ဖြစ်သည်။ ထို့အတူ ''ကျေးဇူးတရား'' သိတတ်မှုသည်လည်း သီလမည်၏။ သက်ရှိထင်ရှား ရှိစဉ်တွင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ မှန်သမျှကို ကျေးဇူး မမေ့မလျော့ဘဲ သမ္မာဝါယမ ဟူသော မှန်ကန်သော ဝီရိယ စိုက်ထုတ်မှုဖြင့် ကျေးဇူးဆပ်ရန် အထူး လိုအပ်သည်။ ဤတွင် အမိအဖတို့၏ ဂုဏ်ကျေးဇူးကို မြင်းမိုရ် တောင်ဖြင့် ခိုင်းနှိုင်းရသည် အထိ ကြီးမားကြောင်း သိကြသည်။ ထို့ပြင် ဆရာသမားတို့၏ ဂုဏ်ကျေးဇူး ကိုလည်း မည်သည့် အခါမျှ မမေ့အပ်ပေ။ ငယ်စဉ်တောင်ကျေး ကလေးဘဝမှ စ၍ လုပ်ငန်းခွင် ဝင်ရောက်နိုင် သည့်လိုအပ်ချက် မှန်သမျှကို သင်ကြား ပေးခဲ့သော ဆရာသခင် ကျေးဇူးရှင်များ သည်လည်း လူတိုင်း အတွက် ဒုနဲ့ဒေး ရှိပါသည်။ ကျေးဇူးတရား ဟူသည် သိတတ်ရုံနှင့် မပြီးသေးပါ။ ပြန်လည် ပေးဆပ်ပါမှ ကျေးဇူးရှင်၏ ကျေးဇူးတရားကို လက်တွေ့လိုက်နာ သိတတ်သူ ဖြစ်သည်။ နှုတ်ဖြင့် ပြောရုံနှင့် မရ။ လက်တွေ့ လိုက်နာ ကျင့်သုံး ပေးဆပ်ရန် ဖြစ်သည်။ မိမိ၏ လက်အောက်ငယ်သားများ သည်လည်း ကျေးဇူး တင်ထိုက်သော သူများ စာရင်းတွင် ပါဝင်သည်။ ငွေကြေးဖြင့် ပေးသော်ငြားလည်း မေတ္တာတရားဖြင့် လုပ်ဆောင် ပေးသူများသည်လည်း ကျေးဇူး တင်ထိုက်သူများ ဖြစ်သည်။ အမှန်အားဖြင့် ကျေးဇူးတရား မည်သည် လူသားတိုင်း၌ မွေးမြူ လိုက်နာ ကျင့်သုံး သိရှိရမည့် အကျင့်ကောင်း သီလတရားပင် ဖြစ်သည်။ ထို ကျေးဇူးတရား အားလုံး သိနေရုံနှင့် မပြီးပါ။ လက်တွေ့ အကောင်အထည် ဖော်၍ မိမိ တတ်ကျွမ်းရာ နေရာ ကဏ္ဍမှ လုပ်ကိုင် ဆောင်ရွက်ခြင်းဖြင့် ပြန်လည် ပေးဆပ်ရမည် ဖြစ်သည်။ ကျွန်တော်၏ အထူး ဆန္ဒမွန်မှာ လူသားတိုင်း၌ ရှိသော ကျေးဇူးရှင်များ၏ ကျေးဇူးတရား များကို ချိန်ခါမလင့် ပြန်လည် ပေးဆပ်နိုင်ရေး အတွက် မမေ့မလျော့၊ မပေါ့မဆသော သတိတရား အပ္ပမာဒေန သမ္မာဒေထဖြင့် ကောင်းစွာ ပြည့်စုံ ဆောင်ရွက်နိုင်ကြသော ပုဂ္ဂိုလ်များ ဖြစ်ထွန်းစေရန် မိမိ ကိုယ်တိုင်လည်း ပြုစု ပျိုးထောင် လေ့ကျင့် ပါ၏။ အခြား သူများကိုလည်း တိုက်တွန်း နှိုးဆော် လိုပါ၏။ အရှင်းလင်းဆုံး၊ အပွင့်လင်းဆုံး ရေးသားရလျှင် ကျွန်တော်တို့ အသက်အရွယ်သည် အခွင့်အရေး တစ်စုံတစ်ရာ မျှော်ကိုး၍ လုပ်ဆောင်ရမည့် အရွယ် မဟုတ်တော့။ နိက္ခမ ပါရမီ စိတ်ဓာတ် မွေးမြူကာ လုပ်ဆောင် ကြရမည် ဖြစ်သည်။ နိက္ခမပါရမီ ဆိုသည်မှာ ဖြည့်ဆည်း အပ်သည့် ပါရမီ ဆယ်ပါးတွင် ပါဝင်ပါ၏။ ဓမ္မစာဆို တို့၏ အမိန့်အရ အဓိပ္ပာယ် ဖွင့်ဆိုရလျှင် မိမိ ဆောင်ရွက် လုပ်ကိုင် ရေးသားသည့် ဆောင်းပါး ဝတ္ထုများသည် မည်သည့် မျှော်ကိုးချက်၊ မျှော်လင့်ချက်၊ တပ်မက်ဖွယ်ရာများကို မျှော်လင့်ခြင်း လုံးဝမရှိဘဲ နိုင်ငံသူ၊ နိုင်ငံသားများ အကျိုး၊ အများပြည်သူ အကျိုး အတွက် မိမိ တာဝန်ကို သန့်သန့်လေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အလေးအနက်ထား တင်ပြ အပ်ပါသည်။

ကျွန်တော်၏ ဆောင်းပါးကို နိဂုံးချုပ် ရေးသားရလျှင် နိုင်ငံတော်၏ စေတနာ၊ မေတ္တာကို လေးစား တုံ့ပြန်သော အားဖြင့် ဤ လွတ်လပ်ငြိမ်းချမ်းခွင့် ရသည့် အချိန်မှ စပြီး စိတ်ကောင်း စေတနာနှင့် သည်းခံ ခွင့်လွှတ်သော စိတ်ကိုအစဉ် မွေးမြူလျက် မိမိ အကျိုး၊ ဒေသ အကျိုးနှင့် နိုင်ငံ့ အကျိုးကို သယ်ပိုး ဆောင်ရွက်သင့်ကြောင်း စေတနာမွန်ဖြင့် ရေးသား လိုက်ရပါသည်။

တောင်တွင်း ဘိုသိန်း
မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...