Friday, October 17, 2014

သူမေးချင်တာမေးသွား သူရေးချင်တာရေးသွားကြတဲ့ မီဒီယာသမားများကို ကျင့်ဝတ်အားနည်းဟု ဝေဖန်



လက်ရှိ သတင်းလောကမှာ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ ၁၁ စောင်၊ အပတ်စဉ်ထုတ်စာစောင်
၂၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ စာရင်းအရ သတင်းသမားပေါင်း
၎,၀၀၀ ခန့်နဲ့ နိုင်ငံတစ်ဝန်းက သတင်းများကို စုစည်းထုတ်ဝေ ရောင်းချနေကြပါတယ်။

အဆိုပါ သတင်းသမားတွေဟာ အစိုးရ ဌာနများရဲ့ သတင်းတွေကို ရယူ၊ ဖော်ပြရာမှာ မီဒီယာ
သမားများအနေနဲ့ အဓိကအားဖြင့် ကျင့်ဝတ်လိုက်နာမှု အားနည်းကြောင်း အစိုးရ ဌာန
ကိုယ်စားလှယ်များက ဝေဖန် အကြံပြုခဲ့ကြပါတယ်။

အောက်တိုဘာလ ၄ ရက်မှ ၅ ရက်အထိ နေပြည်တော်မှာ ကျင်းပတဲ့ မဏ္ဍိုင်သုံးရပ်နှင့်
သတင်းမီဒီယာ တွေ့ဆုံပွဲမှာ ကဏ္ဍအသီးသီးက တာဝန်ရှိသူ ကိုယ်စားလှယ်များက ဝေဖန်
အကြံပြုခဲ့တာ ဖြစ်ပါတယ်။

"မေးတယ်၊ ဖြေတယ်၊ မှားတယ် အထုခံရတယ်။ တစ်ခါတလေ အကျွေးခံရတယ်။ သူမေးချင်တာ
ေ မေးသွား၊ ရေးချင်တာတွေရေး၊ ကျွန်တော်တို့က ခံရတာပဲ"လို့ အုပ်ချုပ်ရေး ကဏ္ဍကိုယ်စားလှယ်
တစ်ဦးက ဆွေးနွေးပါတယ်။

ဝန်ထမ်းများအပေါ် လေးစားမှု မရှိကြောင်း နဲ့ တရားခံ စစ်ဆေးသလို မေးမြန်းမှုများရှိကြောင်းလည်း
ကိုယ်စားလှယ်တစ်ဦးက ဆိုပါတယ်။

"လိုချင်တဲ့ အကြောင်းအရာနဲ့ တိုက်ရိုက် မသက်ဆိုင်ဘဲ တခြားတစ်ယောက်ကို ထိခိုက်တာတွေ
မေးတာကို ၀န်ထမ်းတွေက မကြိုက်ကြဘူး" လို့လည်း အုပ်ချုပ်ရေး ကဏ္ဍက အခြားဆွေးနွေးသူ
တစ်ဦးက ဆိုတယ်။

"လိုရာ ဆွဲရေးတယ်။ လူ စိတ်ဝင်စားတာကို ခေါင်းစဉ်တပ်ပြီး ဖြစ်ရပ်မှန်နဲ့ နည်းနည်း လွဲချော်
နေတာတွေရှိတယ်"လို့လည်း ၎င်းက ဆွေးနွေးပါတယ်။

ဝန်ကြီးဌာနတစ်ခုရဲ့ ကိုယ်စားလှယ်တစ်ဦး ကတော့ လွဲမှားရေးတဲ့အခါ အမှားပြင်ဆင်ချက်များ
လုံလောက်အောင် ထည့်ပေးမှု အားနည်းတယ်လို့ သုံးသပ်ပါတယ်။

"ရတဲ့ သတင်းအတိုင်းရေးရင် ပြဿနာ မရှိဘူး။ ဘာသာရပ်အလိုက် ဗဟုသုတရှိဖို့ လိုပါတယ်။
မှားကြောင်းပြောရင် ပုဂ္ဂိုလ်ရေးအရ တောင်းပန်ပေမယ့် စာမျက်နှာပေါ်မှာ ပြင်မပေးဘူး"လို့
၎င်းကိုယ်စားလှယ်က ဆွေးနွေးပါတယ်။

ဖိုရမ်ကို Chatham House Rule ကျင့်သုံး ကျင်းပတဲ့အတွက် ဖိုရမ်တွင်း ဆွေးနွေးချက်တွေကို
သတင်းထုတ်ပြန်နိုင်သော်လည်း အမည်မထုတ်ဖော်ရန် သတ်မှတ်ထားပါတယ်။ ဥပဒေပြုရေးကဏ္ဍ
ကိုယ်စားလှယ်တစ်ဦး ကတော့ မီဒီယာကဏ္ဍတစ်ခုလုံးရဲ့ သတင်း ဖော်ပြမှုတွေကို ဘက်မမျှဘူးလို့
  ဝေဖန်ပါတယ်။

"အဂတိမှာ ဆန္ဒာ၊ ဒေါသ၊ ဘယာ၊ မောဟ ပါတယ်။ ရစရာမရှိအောင် ပက်ပက်စက်စက် ပြောဆို
ရေးသားနေတာတွေ ရှိတယ်။ ချစ်လို့ ဟိုဟာလုပ်လုပ် ဒီဟာလုပ်လုပ်ကောင်းတယ်၊ မုန်းလို့
ဟိုဟာလုပ်လုပ် ဒီဟာလုပ်လုပ် မကောင်းဘူးဆိုတာလည်း အဂတိလိုက်စားတာပဲ"လို့ ၎င်းက
ဆိုတယ်။

မီဒီယာကဏ္ဍ တစ်ခုလုံးအနေနဲ့ လုပ်ငန်း ကဏ္ဍအလိုက် စနစ်တကျဖွဲ့စည်းမှုနဲ့ မိမိကိုယ်မိမိ
ထိန်းကျောင်းမှုစနစ် လျော့လျည်း အားနည်းကြောင်းလည်း အုပ်ချုပ်ရေးကဏ္ဍ ၀န်ကြီးဌာနတစ်ခုက
ဝေဖန်အကြံပြုခဲ့ပါတယ်။

"မီဒီယာအနေနဲ့ ဖွဲ့စည်းမှုနဲ့ စွမ်းဆောင်မှုတွေ ရှိစေချင်တယ်။ အမ်ပီစီ (မြန်မာနိုင်ငံ စာနယ်ဇင်း
ကောင်စီ)က စုဖွဲ့မှုရော၊ လုပ်ငန်းတာဝန်ရော အားနည်းနေတယ်"လို့ အဆိုပါဌာန ကိုယ်စားလှယ်က
ဆိုတယ်။

"မီဒီယာသမားတွေ အနေနဲ့လည်း စာနယ်ဇင်းကောင်စီကို လေးစားကြဖို့ လိုပါတယ်။ တခြားနိုင်ငံ
က မီဒီယာတွေကို မေးကြည်ရင် အပြင်က ၀င်ထိန်းရင် ပိုဆိုးနိုင်လို့ ကိုယ့်လောကထဲက လူတွေ
အချင်းချင်း ထိန်းကျောင်းတာကို လက်ခံတာလို့ ပြောကြတယ်"လို့လည်း အခြားကိုယ်စားလှယ်
တစ်ဦးက မှတ်ချက် ပေးပါတယ်။

တရားရေးကဏ္ဍ ကိုယ်စားလှယ်ကတော့ မီဒီယာသမား တချို့အနေနဲ့ အမှုသည် ခေါ်လာပြီး
တရားသူကြီးကို ၀င်မေးတာတချို့ ရှိတယ်လို့ ဆိုပါတယ်။ တရားရုံး လုပ်ထုံး လုပ်နည်းများနဲ့
ကျွမ်းဝင်မှု အားနည်းတယ်လို့လည်း တရားရေးဌာန ကိုယ်စားလှယ်က သုံးသပ်ပါတယ်။

"တရားရုံးရှေ့မှာဖြစ်တဲ့ ဒီအမှု ဒီအမှုတွေကို တရားရုံးကသာလျှင် တရားစွဲခွင့်ရှိရမယ် ဆိုတဲ့
ဥပဒေအရဖြစ်တဲ့ အမှုတွေ ရှိတယ်။ တရားရုံးရဲ့ လုပ်ငန်းတာဝန်က တရားရုံးကသာ စွဲရမယ်ဆိုတဲ့
ဥပဒေအရ စွဲတာ ဖြစ်တယ်" လို့ မီဒီယာသမားတချို့ကို မြို့နယ်တရားသူကြီးက စွဲဆိုတဲ့
အမှုအချို့နဲ့ ပတ်သက်ပြီး ၎င်းက ရှင်းလင်းဆွေးနွေးပါတယ်။

တရားရုံး သတင်းများ ရယူရာမှာ စီရင်ချက်ထဲ ပါပြီးသား အကြောင်းအရာများကို တရားသူကြီးကို
ပြန်မမေးဖို့၊ တည်ဆဲဥပဒေ ဓလေ့ထုံးတမ်းနဲ့ မီဒီယာကျင့်ဝတ်ကို လိုက်နာဖို့၊ မှားယွင်းပါက
အမှားပြင်ဆင်ချက် မြန်ဆန်စွာ ထည့်ပေးဖို့တို့ကိုပဲ တရားရေးဌာနကလည်း တောင်းဆိုခဲ့ပါတယ်။

"ကျွန်တော်တို့ ရေးတာတွေ အားလုံး တိကျမှု၊ ဘက်မျှမှု၊ တာဝန်ယူ တာဝန်ခံမှု ရှိနေတယ်လို့
မပြောပါဘူး"လို့ မီဒီယာ ကဏ္ဍ ကိုယ်စားလှယ်တစ်ဦးက ပြန်လည် ဆွေးနွေးပါတယ်။

"နောက်တစ်ခုက သတင်းမြန်ဆန်စွာ ရယူဖော်ပြနိုင်အောင် လုပ်ချင်တယ်။ ပြည်သူတွေကလည်း
  မြန်မြန် သိချင်နေတယ်။ ..... မဏ္ဍိုင်သုံးရပ်ကိုလည်း (သတင်း ထုတ်ပြန်မှုတွေကနေ)
ပိုနားလည်ချင်ပါတယ်" လို့ ၎င်းက ဆွေးနွေးပါတယ်။

စန္ဒာလွင်
Myanmar Times

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...