Tuesday, October 28, 2014

လှူပါမဆုံးဖြတ်ပါနဲ့ 


မြန်မာနိုင်ငံရဲ သတင်းတပ်ဖွဲ့က ထုတ်ဝေခဲ့ဖူးတဲ့ အတွေးသစ်ဆိုတဲ့ဂျာနယ်ရှိပါတယ်။ အခုတော့ ရပ်နားထား ပါတယ်။  ကျွန်တော်တို့ ကော့သောင်းလေဆိပ်မှာ ခရီးသည်တွေကို တစ်စောင် ၅၀၀/ ၁၀၀၀ မျိုး ရောင်းတတ်ပါတယ်။ ခရီးသည်တွေကတော့ မဝယ်ချင့် ဝယ်ချင်နဲ့ ဝယ်ကြတာပေါ့။ ကျွန်တော်ကတော့ နှစ်နှစ်ခြိုက်ခြိုက် ဝယ်ယူအားပေးပါတယ်။အကြောင်းကတော့ အဲဒီဂျာနယ်က ဆရာထက်ခေါင် ရဲ့ အယ်ဒီတာ့အာဘော်ကို ကြိုက်နှစ်သက်လို့ပါ။

ဆရာထက်ခေါင်ဟာ အဲဒီအချိန်က ရဲမှူးကြီးတစ်ဦးဖြစ်ပြီး အမည်ရင်း ဦးဝင်းခေါင်ဖြစ်ပါ
တယ်။ အခု ရဲမှူးချုပ်လို့ကြားပါတယ်။ အတအကျတော့မသိပါ။ ဆရာထက်ခေါင်ရဲ့ အယ်ဒီတာ့ အာဘော်ကြောင့် ကျွန်တော့်အတွေးအခေါ် တစ်ခု ပြောင်းလဲခဲ့ဖူးပါတယ်။ ဆရာ့ အယ်ဒီတာ့အာဘော်ထဲက ကောက်နုတ်ချက်လေးကို ထုတ်နုတ် တင်ပြချင်ပါတယ်။

တစ်ရက် ဆရာ့တို့ သူငယ်ချင်းနှစ်ယောက် စားသောက်ဆိုင်တစ်ခုမှာ ထိုင်နေတုန်း အလှူခံတဲ့ ကိုရင်လေးတွေ၊ ဦးပဇင်းတွေတွေ့တော့ ဆရာက "ဒီကိုရင်တွေ၊ ဦးပဇင်းတွေကြည့်ရတာ အကုသိုလ်များတယ်ဗျာ။ ဆိုင်တကာဝင်ပြီး အလှူခံနေတာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ သိက္ခာကျတယ်။ ဒီကြားထဲမှာ အတုတွေလည်း ပါသေးတယ်။" လို့ ပြောလိုက်ပါတယ်။

ဆရာ့သူငယ်ချင်းက ဆရာ့ကိုကြည့်ပြီး..."သူငယ်ချင်း မင်းလှူချင်ရင် လှူလိုက်ပါ။ ဘာဖြစ်လို့ အလကားနေရင်း အကုသိုလ်ပွားနေရတာလဲ။" လို့ပြောပါတယ်။

ဆရာက "မဟုတ်ဘူးလေကွာ၊ ဒီအထဲမှာ သီလမရှိတဲ့ ကိုရင်တွေ၊ ရဟန်းတွေ အများစုလေ..." လို့ စောဒက တက်လိုက်ပါသတဲ့။

အဲဒီတော့ ဆရာ့သူငယ်ချင်းက "သူငယ်ချင်း သီလရှိရှိ/ မရှိရှိ မင်းအလုပ်မဟုတ်ဘူး။ မင်းလှူနိုင်လို့ လှူချင်ရင် လှူလိုက်၊ မလှူနိုင်ရင် မလှူနဲ့။ အေး ကြားထဲကနေ အကုသိုလ် မယူနဲ့လေကွာ။ မင်းပြောတာဟုတ်ပါတယ်။ သီလမရှိဘူးပဲထား၊ အဲဒါ သူတို့အလုပ်လေ၊ မင်းအလုပ်မဟုတ်ဘူး။ မင်းလှူရင် မင်းကုသိုလ်ရမယ်၊ မလှူရင် မရဘူး၊ ဒါပဲ။ ကြားထဲကအကုသိုလ်တော့ သွားမယူနဲ့။" လို့ ပြောပါတယ်။

ဆရာက "သီလ ရှိတဲ့သူကို လှူတာက ပိုအကျိုးရှိတယ်လို့ ဘုရားဟော ရှိတယ် မဟုတ်လား" ဆိုပြီး ထပ်ပြောလိုက်ပါသတဲ့။

ဆရာ့သူငယ်ချင်းက "အေး...ဒါလည်း မငြင်းပါဘူး။ ဒါပေမဲ့ လှူတတ်ရင် မြတ်ပါတယ်။ သီလမရှိတဲ့ ဒုဿီလရဟန်းကို သီလရှိတဲ့ ရဟန်းအမှတ်နဲ့ လှူရင် အကျိုးဖြစ်တာပဲ မဟုတ်လား။ ဟိုဘက်က အလှူခံ ပုဂ္ဂိုလ် သီလရှိခြင်း/ မရှိခြင်းက ကိုယ်နဲ့ မဆိုင်ဘူး။ အဲဒါ သူ့အလုပ်လေ၊ သူ သီလမရှိရင် သူခံရမှာပဲ။

 မြတ်စွာဘုရား ဝေသန္တရာမင်းကြီးဘဝက ဇူဇကာပုဏ္ဏားကို ဂဏှာနဲ့ ဇာလီ လှူတော့ ဇူဇကာပုဏ္ဏားဟာ သီလရှိတဲ့သူ ဟုတ်/ မဟုတ် ကြည့်ပြီးမှ လှူသလား။ ဒါပါပဲ သူငယ်ချင်း စိတ်ထားတတ်ဖို့လိုပါတယ်။" လို့ပြန်ပြောပါတယ်။

ကျွန်တော်လည်း ဆရာထက်ခေါင်လိုပဲ ဆိုင်တွေထဲ အလှူလိုက်ခံတဲ့ ကိုရင်တွေ၊ ရဟန်းတွေကို အင်မတန်ဝေဖန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဆရာ့အယ်ဒီတာအာဘော်ကိုဖတ်ပြီးတဲ့အချိန်ကစပြီး ကျွန်တော် ဘယ်ရဟန်းသံဃာကိုမှ မဝေဖန်တော့ပါဘူး။ လှူနိုင်ရင် လှူလိုက်ပါတယ်။ မလှူနိုင်ရင် ကန်တော့ဆွမ်းပါဘုရားလို့ တရိုတသေ လက်အုပ်ချီပြီးလျှောက်ထားလိုက်ပါတယ်။

ဟုတ်တယ်လေ၊ သီလရှိခြင်းမရှိခြင်းဟာ ကျွန်တော်တို့အလုပ်မှ မဟုတ်ဘဲ။ လှူနိုင်ရင် လှူလိုက်ပါ။ မလှူဘဲနဲ့ အကုသိုလ်အဖြစ်မခံကြပါနဲ့လို့ နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော်လိုက်ရပါတယ် ခင်ဗျား။

ရဲကျော်သူရ

မှတ်ချက် - မှတ်မိသမျှ ပြန်ရေးထားတာဖြစ်ပါတယ်။ ဆရာထက်ခေါင်ရဲ့ အယ်ဒီတာ့ အာဘော်တိုင်းကို ကျွန်တော်ကြိုက်လွန်းလို့ အမြဲဖတ်ပါတယ်။

Oppositeyes

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...