Friday, October 24, 2014

မက္ကဆီကိုတွင် ကျောင်းသားများ သေဆုံးခဲ့ရသည့် တိုက်ခိုက်မှုကို နောက်ကွယ်က ကြိုးကိုင်ခဲ့မှုဖြင့် မြို့တော်ဝန်တစ်ဦးကို ဖမ်းဆီးမိန့်ထုတ်











မက္ကဆီကိုနိုင်ငံတွင် ပြီးခဲ့သော လအတွင်းက ဖြစ်ပွားခဲ့သော ကျောင်းသားများ သေဆုံးခဲ့ရသည့် တိုက်ခိုက်မှုကို နောက်ကွယ်မှ အမိန့်ပေးခဲ့သည်ဟုဆိုကာ မြို့တော်ဝန်တစ်ဦးကို ဖမ်းဆီးမိန့် ထုတ်လိုက်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။

စက်တင်ဘာလ ၂၆ ရက်နေ့က မက္ကဆီကို ရဲများနှင့် အမည်မသိ လက်နက်ကိုင်များ၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ကျောင်းသားခြောက်ဦး သေဆုံးခဲ့ကာ ၄၃ ဦးခန့် ပျောက်ဆုံးလျက် ရှိပြီး ယခုအခါတွင် ထိုတိုက်ခိုက်မှုကို နောက်ကွယ်မှ အမိန့်ပေးခဲ့သူ အဖြစ်နှင့် အီဂွါလာ မြို့တော်ဝန်၊ ၎င်း၏ဇနီးနှင့် အရာရှိတစ်ဦးကို မက္ကဆီကို အာဏာပိုင်များက ဖမ်းဆီးမိန့် ထုတ်လိုက်ပြီ ဖြစ်သည်။

မက္ကဆီကို အာဏာပိုင်များသည် ပျောက်ဆုံးလျက် ရှိနေသေးသော ကျောင်းသားများနှင့် ဆရာအချို့ကို ကြိုးစားရှာဖွေလျက် ရှိသော်လည်း လက်ရှိအချိန်ထိ သဲလွန်စ တစ်စုံတစ်ရာ တွေ့ရှိရခြင်း မရှိသေးချေ။

ထိုကဲ့သို့ တိုက်ခိုက်မှု ဖြစ်ပွားပြီး ကျောင်းသားများ ပျောက်ဆုံးလျက် ရှိခြင်းနှင့် ပတ်သက်ပြီး မက္ကဆီကိုနိုင်ငံ အတွင်း၌သာမက ပြည်ပနိုင်ငံများ၌ပါ ဆန္ဒပြပွဲများ ပေါ်ပေါက်လျက်ရှိရာ ဗုဒ္ဓဟူးနေ့ကလည်း အီဂွါလာ မြို့တော်ခန်းမရှေ့တွင် လူပေါင်းများစွာ ပါဝင်သော ဆန္ဒပြပွဲကြီးတစ်ခု ပေါ်ပေါက်ခဲ့သေးသည်။

အီဂွါလာ မြို့တော်ဝန် ဟိုးဆေး လူးဝစ်အဘာကာသည် သူ၏ဇနီးဖြစ်သူ ဦးဆောင်ပြုလုပ်သည့် ရန်ပုံငွေပွဲကို မနှောင့်ယှက်နိုင်စေရန်အတွက် ဆန္ဒပြပွဲများတွင် မကြာခဏ ပါဝင်လေ့ရှိသည့် ကျောင်းသားများကို နှိမ်နင်းရန် ရဲတပ်ဖွဲ့ကို အမိန့်ပေးခဲ့ခြင်း ဖြစ်သည်ဟု ယူဆရသည်။

“အီဂွါလာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကို ဦးဆောင် စီစဉ်ခဲ့တယ်လို့ ယူဆရတဲ့ မြို့တော်ဝန် ဟိုဆေးလူးဝစ် အဘာကာ၊ သူ့ဇနီးနဲ့ လုံခြုံရေး အကြီးအကဲတို့ကို ဖမ်းဖို့ ဝရမ်းထုတ်ထားပြီးပါပြီ” ဟု ရှေ့နေချုပ် မူရီလိုကာမန်က ပြောကြားသည်။

ကျောင်းသားများ သေဆုံးပျောက်ဆုံးခဲ့ရသည့် တိုက်ခိုက်မှုကို အကျင့်ပျက်အရာရှိများ၊ ရဲများနှင့် Guerreros Unidos မူးယစ်ဂိုဏ်းတို့ ပူးပေါင်းကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု မက္ကဆီကို အာဏာပိုင် များက  ပြောကြား ထားပြီး ယခုတိုက်ခိုက်မှုမှာ ၂၀၀၆ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံး တိုက်ခိုက်မှုအဖြစ်လည်း သတ်မှတ်ခံထားရသည်။

မြို့တော်ဝန် အဘာကာ၏ ဇနီးသည် နာမည်ကြီး မူးယစ်ဂိုဏ်းခေါင်းဆောင် သုံးဦးအနက်မှ တစ်ဦး၏ ညီမဖြစ်ပြီး မြို့တော်ဝန် ဇနီးမောင်နှံမှာ Guerreros Unidos မူးယစ်ဂိုဏ်းနှင့် အဆက်အသွယ် ရှိသူများ ဖြစ်သည်ဟုလည်း မက္ကဆီကို အာဏာပိုင်များက ပြောကြားသည်။

အီဂွါလာ ရဲတပ်ဖွဲ့ဝင်များသည် ကျောင်းသားများ လိုက်ပါလာသော ကားကို ပစ်ခတ် တိုက်ခိုက် ပြီးနောက် ကျောင်းသားများကို ကိုကူလာမြို့ရှိ အကျင့်ပျက် အရာရှိများထံ လွှဲပြောင်းပေးခဲ့ကာ ၎င်းတို့မှတစ်ဆင့် မူးယစ်ဂိုဏ်းထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်မည်ဟု အာဏာပိုင်များက ယူဆလျက်ရှိပြီး ထိုယူဆချက်အတိုင်း မြေပြင်ရော၊ ဝေဟင်မှပါ ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း တစ်လနီးပါး ကြာမြင့် လာသည့် အချိန်ထိ ပျောက်ဆုံးကျောင်းသားများနှင့် ပတ်သက်ပြီး သဲလွန်စ ခိုင်ခိုင်မာမာ ရရှိခြင်း မရှိသေးချေ။






မက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၂၃
The Voice



0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...