Thursday, October 16, 2014

ခိုတောင်ကျွန်း လူသတ်မှု စုံစမ်းရန် မြန်မာ၊ ဗြိတိန်၊ ထိုင်း သုံးပွင့်ဆိုင် တွေ့မည်

Ei Yadanar Toe
ခိုတောင်ကျွန်း လူသတ်မှုတွင် စွပ်စွဲခံမြန်မာနှစ်ဦးအား မှားယွင်းအရေးယူမှုမရှိစေရေးနှင့် မှန်ကန်မျှတသော စုံစမ်းစစ်ဆေးမှုများ ဖြစ်ပေါ်စေရန် ဘန်ကောက်ရှိ မြန်မာသံရုံး၊ ဗြိတိန်သံရုံးတာဝန်ရှိသူများနှင့် ထိုင်းဘုရင့်ရဲတပ်ဖွဲ့တို့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်းရရှိသည်။

ပြီးခဲ့သည့်ရက်က မြန်မာသံရုံးနှင့် ဗြိတိန်သံရုံးတို့ သီးသန့် တွေ့ဆုံခဲ့ကာ အမှုဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က တရားခံများဖြစ်ကြောင်း ထုတ်ဖော်ပြသပြီး ၁၀ ရက် အကြာတွင် နှစ်နိုင်ငံသံရုံး တာဝန်ရှိသူများ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။

‘‘သေဆုံးသူဗြိတိန်နိုင်ငံသား နှစ်ဦး၊ သံသယဖြစ်ခံရသူမြန်မာ နိုင်ငံသားတွေနဲ့ အိမ်ရှင်ထိုင်းနိုင်ငံ တာဝန်ရှိသူတွေ အခုလိုတွေ့ဆုံတာဟာ တရားမျှတပြီး မှန်ကန်တဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ တရားဥပဒေစိုးမိုးရေးဆောင်ရွက်ချက်တွေ ဖြစ်ပေါ်စေမယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။ ဒါနေပြည်တော်ကနေ မြန်မာသံရုံးကိုညွှန်ကြားတာဖြစ်တယ်’’ဟုနိုင်ငံတော် သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးကပြောကြားသည်။

ထိုင်းဝန်ကြီးချုပ်ပရာယွတ် ချန်အိုချာက မြန်မာနိုင်ငံသားနှစ်ဦးကို တရားခံဟုပြော၍ မရသေးကြောင်းနှင့် ယခု လိပ်ကျွန်းလူသတ်မှု ကိစ္စကို အထူးအလေးထားဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံတကာ၏ ယုံကြည်မှု၊ မြန်မာပြည်သူများ၏ ယုံကြည်မှုရရှိအောင် တရားမျှတမှုရှိရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်း၏ မြန်မာ နိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

သို့သော် မြန်မာနိုင်ငံမှ အပြန်ခရီးစဉ်အတွင်း လေဆိပ်တွင် ဝန်ကြီးချုပ်ပရာယွတ်က ထိုင်းရဲများသည် အပြစ်မရှိသူများကိုဖမ်းလေ့မရှိကြောင်းနှင့် ယခုလိုတရားခံများကို မြန်ဆန်စွာဖော်ထုတ်နိုင်မှုအပေါ် အံ့သြမိကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်ဟု နိုင်ငံတကာသတင်းများကဖော်ပြထားသည်။

‘‘ထိုင်းနိုင်ငံတာဝန်ရှိသူတွေ အနေနဲ့လည်း နိုင်ငံသုံးနိုင်ငံ ဆက်နွှယ်ပတ်သက်နေတဲ့ဒီကိစ္စကို ပြစ်မှုကျူးလွန်သူကို ဥပဒေနဲ့အညီအရေးယူနိုင်ဖို့၊ ပြစ်မှုကျူးလွန်ခြင်းမရှိတဲ့သူကို မှားယွင်းအရေးယူမှုမရှိစေရေးအတွက် မှန်မှန်ကန်ကန် တိတိကျကျ ကိုင်တွယ်ဆောင်ရွက်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်’’ ဟု သမ္မတရုံး အကြီးတန်းအရာရှိကပြောကြားသည်။

ကမ္ဘာကစိတ်ဝင်စားနေသော လိပ်ကျွန်းလူသတ်မှုအတွက် ယခု သုံးပွင့်ဆိုင်တွေ့ဆုံမှုသည် ထိုင်း နိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို တစ်စုံတစ်ရာ ထိခိုက်စေခြင်းမရှိဘဲ ပါဝင်ပတ်သက်နေသည့်နိုင်ငံများကြား နားလည်မှု၊ ယုံကြည်မှု ရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်မည့်နည်းလမ်းများကို ရှာဖွေ တွေ့ရှိနိုင်မည်ဟု မြန်မာအစိုးရကမျှော်လင့်ထားသည်။

လတ်တလောတွင် လိပ်ကျွန်းလူသတ်မှုစွပ်စွဲခံမြန်မာနှစ်ဦး၏ မိဘများ ထိုင်းနိုင်ငံသို့သွားရောက်ရန် စီစဉ်နေသည်။

မြန်မာနှစ်ဦးနှင့် အသတ်ခံရသူ ဗြိတိန်နိုင်ငံသူ ကိုယ်ပေါ်မှရရှိသည့် DNA တို့ တိုက်ဆိုင်တူညီနေသည်ဟု ထိုင်းရဲတပ်ဖွဲ့က ကမ္ဘာသို့ကြေညာထားသော်လည်း ထိုင်းတရားရုံးသို့ အမှုစွဲဆိုတင်ပို့ရာတွင် သက်သေအထောက်အထား နှင့် အချက်အလက် မပြည့်စုံ၍ အမှုတွဲကိုပြန်လည်ပေးအပ်ထားသည်။ မြန်မာနှစ်ဦးကို တရားခံဟု စွပ်စွဲချက်အပေါ် ဗြိတိန်နိုင်ငံက တစ်စုံတစ်ရာ မှတ်ချက် မပြုသေးaကြာင်းနှင့် အမှုစစ်ဆေးမှုတွင် အတွေ့အကြုံနှင့် နည်းပညာကောင်းများရှိထားသည့် ဗြိတိန်နိုင်င်ငံ ပါဝင်စစ်ဆေးမှုကို မြန်မာ ပြည်သူအချို့က လိုလားမှုများရှိနေကြသည်။

အေးသူစံ
7 Day Daily 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...