ရှမ်းပြည်နယ် အင်းလေးဒေသ၌ ဟိုတယ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အင်းလေး ဟိုတယ်ဇုန်ကို တည်ဆောက်ခွင့် ပြုပေးခဲ့ပြီးဖြစ်ရာ အဆိုပါ နေရာများ၌ လုပ်ကိုင်ခွင့် ရရှိထားသည့် ဟိုတယ် လုပ်ငန်း ရှင်များ အနေဖြင့် ပွင့်လင်းရာသီ အမီ တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း အင်းလေး ဟိုတယ်ဇုန် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီမှ သိရသည်။
အင်းလေး ဟိုတယ်ဇုန် ကိုရှမ်းပြည်နယ်ရှိ ညောင်ရွှေမြို့နယ် အင်းလေးကန် အရှေ့ဘက်ခြမ်းရှိ မြေအကျယ် ၆၂၂ ဧကတွင် မြေကွက် အမျိုးအစားအလိုက် A ဇုန်၊ B ဇုန်၊ C ဇုန် အဖြစ် ဖော်ထုတ်ပြီး ဟိုတယ် တည်ဆောက်ရန် မြေကွက် လျှောက်ထားသူများကို မဲစနစ်ဖြင့် နေရာ ချထားပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အင်းလေး ဟိုတယ်ဇုန် တည်ဆောက် အကောင်အထည် ဖော်ရာတွင် အခြေခံ လိုအပ်သည့် လမ်းတံတားနှင့် လျှပ်စစ်မီး ရရှိရေး လုပ်ငန်းများကို ရာနှုန်းပြည့် ရရှိနိုင်စေရန် အင်းလေး ဟိုတယ်ဇုန် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီမှ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။
ထို့အပြင် စက်လှေဆိပ် တည်ဆောက်ရေးနှင့် ဆက်သွယ်ရေး ကွန်ရက် လုပ်ငန်းများကိုလည်း လက်ရှိအချိန်တွင် ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်ပေးလျက် ရှိသည်။ ဟိုတယ် ဆောက်လုပ်ရန် ငွေပေးသွင်းပြီးသည့် လုပ်ငန်းရှင်များ အနေဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာသို့ အခွန်အခများ ပေးသွင်းပြီး မြေစာရင်းပုံစံ ၁ဝ၅ ရေးဆွဲရန်နှင့် စက်မှုမြေငှားဂရန် ထုတ်ပေးနိုင်ရန် ဆောင်ရွက် ပေးသွားမည် ဖြစ်၍ လုပ်ငန်းရှင်များ အနေဖြင့် အဆိုပါ ပုံစံများကို ထုတ်ယူကာ ပွင့်လင်းရာသီ အမီ ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
၎င်း ဟိုတယ်ဇုန် ပေါ်ထွက်လာပါက အင်းလေးဒေသ အပါအဝင် ပတ်ဝန်းကျင် ဒေသများသို့ လာရောက် လေ့လာ လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များနှင့် ပြည်တွင်း ခရီးသွား ဧည့်သည်များ အနေဖြင့် တည်းခို နေထိုင်ရန် နေရာ အခက်အခဲ ဖြစ်ပေါ်နေမှုကို ဖြေရှင်းပေးနိုင်မည် ဖြစ်ပြီး ပွဲတော်ရက်များ တွင်လည်း ဟိုတယ်အခန်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
မြဝတီ
0 comments:
Post a Comment