Thursday, August 14, 2014

အာဆီယံ ပဋိညာဉ် စာတမ်း

 ရည်ရွယ်ချက်များ

အာဆီယံ၏ ရည်ရွယ်ချက်များမှာ-

၁။ဒေသအတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်၊ ငြိမ်းချမ်းမှုကို လိုလားသည့် အလေ့အထများ ပိုမိုခိုင်မာစေရန်၊

၂။နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုမြှင့်တင်ခြင်းအားဖြင့် ဒေသဆိုင်ရာ ခံနိုင်ရည်ရှိမှုကို မြှင့်တင်ရန်၊

၃။အရှေ့တောင်အာရှဒေသကို အဏုမြူလက်နက်ကင်းမဲ့ဇုန်အဖြစ်လည်းကောင်း ထို့အပြင် အဖျက်စွမ်းအား ကြီးမားသော လက်နက်များ ကင်းမဲ့သောဒေသများ အဖြစ်လည်းကောင်း ထိန်းသိမ်းထားရန်၊

၎။အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပြည်သူများအနေဖြင့် ကမ္ဘာတစ်ဝှမ်း တရားမျှတပြီး ဒီမိုကရေစီပြည့်ဝ၍ ညီညွတ်မျှတသည့် ပတ်ဝန်းကျင်တွင် ငြိမ်းချမ်းစွာ နေထိုင်နိုင်ကြစေရန်၊

၅။ကုန်စည်များ၊ ၀န်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ လွတ်လပ်စွာ စီးဆင်း၍ စီးပွားရေးလုပ်ငန်းရှင်များ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ အလုပ်သမားများ အဆင်ပြေ ချောမွေ့စွာ ရွှေ့ပြောင်းနိုင်ပြီး မတည်အရင်းအနှီးများ ပိုမိုလွတ်လပ်စွာ စီးဆင်းမှုရှိသည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ထိရောက်စွာ အထောက်အကူပြုနိုင်သော တည်ငြိမ်၍ ကြွယ်ဝချမ်းသာပြီး အဆင့်မြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စီးပွားရေး ပေါင်းစည်းမှု ဖြစ်ပေါ်စေသည့် တစ်ခုတည်းသော ဈေးကွက်နှင့် ထုတ်လုပ်မှုဒေသထူထောင်ရန်၊

၆။အပြန်အလှန်ကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အာဆီယံဒေသအတွင်း ဆင်းရဲနွမ်းပါးမှု လျော့ပါးစေရန်နှင့် ဖွံ့ဖြိုးမှုကွာဟချက်ကို ကျဉ်းမြောင်းစေရန်၊

၇။အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အခွင့်အရေးနှင့် တာဝန်များကို အလေးထားပြီး ဒီမိုရေစီ ပိုမိုတောင့်တင်း ခိုင်မာစေရန်၊ စီမံအုပ်ချုပ်မှုကောင်းမွန်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို တိုးတက်စေရန်နှင့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို ကာကွယ်မြှင့်တင်ရန်၊

၈။ ဘက်စုံလုံခြုံရေးအခြေခံမူနှင့်အညီ ခြိမ်းခြောက်မှုများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့် နယ်နိမိတ်ဖြတ်ကျော် စိန်ခေါ်မှုများကို ထိရောက်စွာ တုံ့ပြန်ရန်၊

၉။ဒေသအတွင်း သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ခြင်း၊ သဘာဝအရင်းအမြစ်များ ရေရှည် ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် အာဆီယံပြည်သူများ၏ ဘ၀အည်အသွေး မြင့်မားမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ကို အာမခံချက်ရရှိစေမည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊

၁၀။အာဆီယံပြည်သူများ၏ စွမ်းရည်မြင့်မားစေရေးနှင့် အာဆီယံအသိုက်အ၀န်း ပိုမိုတောင့်တင်း ခိုင်မာစေရေးအတွက် ပညာရေးနှင့် ဘ၀တစ်သက်တာ သင်ကြားရေးတွင်လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာရပ် တွင်လည်းကောင်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လူ့စွမ်းအား အရင်းအမြစ်များကို ဖွံ့ဖြိုးတိုးတက် စေရန်၊

၁၁။လူ့ဖွံ့ဖြိုးမှု၊ လူမှုဖူလုံမှုနှင့် တရားမျှတမှုအတွက် တန်းတူအခွင့်အလမ်းများ ရရှိစေရန် ဆောင်ရွက်ပေးခြင်းဖြင့် အာဆီယံပြည်သူများ၏ လူနေမှုဘ၀နှင့် ကောင်းကျိုးချမ်းသာ တိုးတက်လာစေရန်၊

၁၂။အာဆီယံပြည်သူများအတွက် လုံခြုံ၍ ဘေးကင်းပြီး မူးယစ်ဆေးဝါးကင်းစင်သည့် ပတ်ဝန်းကျင် ထူထောင်ရာတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတောင့်တင်းခိုင်မာလာစေရန်၊

၁၃။အာဆီယံပေါင်းစည်းရေးနှင့် အသိုက်အ၀န်း ထူထောင်ရေးလုပ်ငန်းစဉ်တွင် လူ့အဖွဲ့အစည်း၏ ကဏ္ဍအားလုံးအနေဖြင့် ပါဝင်ဆောင်ရွက်၍ အကျိုးခံစားမှု ရရှိကြစေရန် အားပေးခြင်းဖြင့် ပြည်သူများကို အလေးထားသည့် အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန်၊

၁၄။အာဆီယံဒေသအတွင်း ကွဲပြားခြားနားသော ယဉ်ကျေးမှုနှင့် အမွေအနှစ်များကို ပိုမိုထိန်းသိမ်း စောင့်ရှောက်ခြင်းဖြင့် အာဆီယံ၏ အသွင်လက္ခဏာကို မြှင့်တင်ရန်၊

၁၅။ပွင့်လင်းပြီး မြင်သာထင်သာရှိ၍ အများပါဝင်နိုင်သည့် ဒေသဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှုအတွင်း အာဆီယံအနေဖြင့် ပြင်ပမိတ်ဖက်များနှင့် ဆက်ဆံရေးနှင့် ပူပေါင်းဆောင်ရွက်ရေးတွင် အာဆီယံ၏ ပင်မတွန်းအားဖြစ်သည့် တက်ကြွသော အခန်းကဏ္ဍနှင့် ဗဟိုအချက်အချာကျမှုတို့ကို ထိန်းသိမ်းရန်။

(မှတ်ချက်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော အာဆီယံပဋိညာဉ်စာတမ်း စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...