လားရှိုး စက်တင်ဘာ ၂၄
လားရှိုးမြို့ စည်ပင်သာယာဈေးကြီးအတွင်း ဝေဟင်ရွှေဆိုင်တွင် ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဝေဟင်ရွှေဆိုင်သို့ အသက် (၂၅ နှစ်)ခန့်ရှိ အမျိုးသား လူငယ်တစ်ဦး ရောက်လာပြီး ရွှေထည်များ ခင်းထားသော မှန်ကောင်တာကို သေနတ်ဖြင့်ထောက်ပြီး ''ဒီဗန်းတင်လိုက်''ဟု ပြောသဖြင့် ဆိုင်ရှင် ဦးစိုင်းထွန်းအေးက ရွှေခင်းထားသော ဗန်းကို ကောင်တာပေါ်သို့ တင်ပေးလိုက်ရကြောင်း၊ ထိုလူက ရွှေလက်စွပ် အကွင်း ၃ဝ၊ တန်ဖိုးငွေကျပ် သိန်း ၁ဝဝ ခန့်ကို လက်နှင့်ဆုပ်ယူပြီး ထွက်သွား ခဲ့သည်ဟု ဈေးခေါင်း ကိုမျိုးထံ ဆိုင်ရှင် ဦးစိုင်းထွန်းအေးက ပြောသည်ဟု သိရသည်။
ဈေးအကျိုးတော်ဆောင် ဦးကျော်က ''လွန်ခဲ့တဲ့တစ်နှစ်လောက်ကလည်း လားရှိုးမှာ ရွှေဆိုင်ကို သေနတ်နဲ့ ပစ်ခတ်ခြိမ်းခြောက်ပြီး လုယက်မှု တစ်ခုဖြစ်ခဲ့တယ်။ ဒီနေ့ဖြစ်ရပ်ကတော့ တစ်ကိုယ်တော်လာပြီး သေနတ်နဲ့ ခြိမ်းခြောက်တယ်။ ဆိုင်မှာ CCTV ကင်မရာ တပ်ထားပေမယ့် ပြစ်မှုကျူးလွန်သူကို မမြင်လိုက် ရဘူး'' ပြောကြားသည်။
ဝေဟင်ရွှေဆိုင်ပိုင်ရှင် ဦးစိုင်းထွန်းအေးက သက်ဆိုင်ရာကို ပြောကြားရာတွင် သေနတ်ပြ လုယက်သူမှာ အသက် (၂၅ နှစ်) ဝန်းကျင်ဖြစ်ပြီး ဗမာစကားကို ပီပီပြောနိုင်ကြောင်း၊ တိုင်းရင်းသားစကားသံ မဝဲကြောင်း သိရသည်။
စည်ပင်သာယာဈေးကြီးအတွင်းမှ ဆိုင်နီးချင်းများကလည်း သာမန်ဈေးဝယ်သူဟုထင်ပြီး ဈေးကြီး ထွက်ပေါက်မှ ထွက်သွားပြီးချိန်ကျမှ ဆိုင်ရှင်ပြောသည်ကို ကြားလိုက်ကြသည်ဟု ဆိုသည်။ လားရှိုး စည်ပင်သာယာဈေးကြီးတွင် ရဲတပ်ဖွဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ငါးဦးရှိပြီး ဈေးကြီးကိုလည်း လှည့်လည် ကြည့်ရကြောင်း၊ အခင်းဖြစ်ပြီးပြီးချင်း လိုက်လံဖမ်းဆီးခြင်း၊ လမ်းမများတွင် ပိတ်ဆို့စစ်ဆေးခြင်းနှင့် ပြစ်မှု ကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် အပူတပြင်း လုပ်ဆောင်နေကြောင်း တာဝန်ရှိသူက ပြောကြားသည်။ (၁၇၇)
0 comments:
Post a Comment