Wednesday, September 17, 2014

မြန်မာကိုယ်စားလှယ်အဖွဲ့ (၃၂)ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင် အာရှဒေသဆိုင်ရာ ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်


နေပြည်တော် စက်တင်ဘာ ၁၆

(၃၂) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးနှင့် (၆၇)ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာကော်မတီ အစည်းအဝေးများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာမြို့၌ စက်တင်ဘာ ၉ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေး ခေါင်းဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် စက်တင်ဘာ ၉ ရက် နံနက် ၁ဝ နာရီတွင် ဒါကာမြို့ Pan Pacific Sonargaon ဟိုတယ်၌ ကျင်းပသော (၃၂) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ကျန်းမာရေး ဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် H.E. Mrs. Sheikh Hasina၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူး ချုပ် Dr. Margret Chan နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Poonam Khetrapal Singn တို့က မိန့်ခွန်းပြောကြားခဲ့ကြသည်။

ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေးက တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးရေးဆွေးနွေးပွဲ တွင် မြန်မာနိုင်ငံ၏ တိုင်းရင်းဆေး ပညာရပ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးခဲ့သည်။

စက်တင်ဘာ ၁ဝ ရက်မှ ၁၂ ရက် အထိ (၆၇) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာကော်မတီ အစည်းအဝေးကို ကျင်းပခဲ့ရာ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရန်ပုံငွေခွဲဝေ သုံးစွဲရေးဆိုင်ရာ ကိစ္စများ၊ မြန်မာ နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့်ပတ်သက်၍ တိုးတက်အောင်မြင်မှုများနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား လူတိုင်းလက်လှမ်းမီစေရေး ပြင်ဆင်ဆောင်ရွက်မှုများ၊ အသည်းရောင် အသားဝါရောဂါ ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုး ရေးလုပ်ငန်းများနှင့် ကူးစက်တတ် ခြင်းမရှိသော နာတာရှည် ကူးစက်ရောဂါများ ကာကွယ်တားဆီးရေး ဆိုင်ရာကိစ္စများအား ဆွေးနွေးခဲ့ကြသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကျန်းမာရေးလုပ်ငန်းများတွင်ခေတ်မီနည်းပညာများအသုံးချရေး ဆွေးနွေးပွဲ၊ ကလေးငယ်များတွင် ဖြစ်ပွားတတ်သော အသိဥာဏ်ချို့ တဲ့မှု ရောဂါဆိုင်ရာဆွေးနွေးပွဲ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲများ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...