တောင်ကြီးမြို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)အနီး၊အမှတ်(၂၁၂) ဆက်သွယ်ရေးတပ်အနီးနှင့် ယာဉ်ထိန်းရဲရုံးရှေ့တို့တွင် အောက်တိုဘာ ၄ ရက် ည ၁၀ နာရီဝန်းကျင်က ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး ယာဉ်ထိန်းရဲနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။တောင်ကြီးမြို့ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် (ရပခ) အနီးရှိကားဂိတ်တစ်ခုတွင် ဗုံးပေါက်ကွဲမှုကြောင့် ကားဂိတ် အဆောက်အအုံအမိုးများ ပျက်စီးသွားခဲ့သည်။ ထိုပေါက်ကွဲမှုအပြီး မိနစ်ပိုင်းအကြာတွင် အမှတ် (၂၁၂) ဆက်သွယ်ရေးတပ် အနီး၌ ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့်အနီးရှိ ယာဉ်ထိန်းရဲရုံးမှ ယာဉ်ထိန်းရဲများ ထွက်ကြည့်ချိန်တွင် တတိယမြောက်ဗုံး ထပ်မံ ပေါက်ကွဲခဲ့ရာ ယာဉ်ထိန်းရဲနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
တောင်ကြီးမြို့တွင် ဗုံးသုံးလုံးဆက်တိုက် ပေါက်ကွဲသောကြောင့် ဖောက်ခွဲသူ များအား မြို့ ၏ ၀င်ပေါက်၊ ထွက်ပေါက်များကို ပိတ်ဆို့ရှာဖွေနေပြီး တောင်ကြီး မြို့၌ လုံခြုံရေးလည်း တိုးမြှင့်ထားကြောင်း တောင်ကြီးမြို့ မြို့မရဲတပ်ဖွဲ့မှ ဒုရဲမှူး ကျော်နိုင် က ပြောသည်။
‘‘ဗုံးက ဆက်တိုက်ပေါက်မှု ဖြစ်သွားတာပါ။ တရားခံတွေကို ပိတ်ဆို့ရှာဖွေနေပါ တယ်။ ဒဏ်ရာရတဲ့ ယာဉ်ထိန်းရဲနှစ်ဦးကလည်း သာမန်ဒဏ်ရာပဲရတာပါ’’ ဟု ဒုရဲမှူး ကျော်နိုင် က ပြောသည်။
သုံးလုံးဆင့် ပေါက်ကွဲမှုဖြစ်ပွားသောကြောင့် မိုင်းရှင်းလင်းရေး (BE)က လာရောက်ရှင်းလင်းခဲ့ရာ မပေါက်ကွဲသေးသော ဗုံးနှစ်လုံး ထပ်မံတွေ့ရှိခဲ့ ကြောင်း သတင်းရရှိသည်။
ဗုံးပေါက်ကွဲမှုများကြောင့် ကျင်းပရန် ၂၅ ရက်သာ လိုတော့သည့် တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံ ပွဲတော်တွင် လုံခြုံရေး အခြေအနေနှင့် ပွဲတော်စည်ကား ခြင်းမရှိမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။
‘‘ဗုံးပေါက်ကွဲတဲ့နေရာက လူအသွားအလာသိပ်မရှိတဲ့ နေရာတွေပါ။ ဒါဟာ လှန့်လိုက်တဲ့ သဘောပါ။ ဒီလိုမျိုးဖြစ်သွားတော့ မီးပုံးပျံပွဲတော်အတွက် လုံခြုံရေးက စိုးရိမ်စရာပါ။ အချို့နယ်ကသူတွေ ကလည်း ကြောက်ပြီး မလာ မှာကိုလည်း စိုးရိမ်တယ်’’ဟု တောင်ကြီးခရိုင် အင်န်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဦးတင်မောင်တိုး က ပြောသည်။
တောင်ကြီးမြို့တွင် ပြည်ပ အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခဲ့သော လူ ၂၀ ဦးကို အောက်တိုဘာ ၃ ရက်က ရုံးထုတ်စစ်ဆေးရာ မြန်မာနိုင်ငံအတွင်းလက်နက်ကိုင်အဖွဲ့ အစည်း ဖွဲ့စည်းပြီး စစ်ပညာသင်ကြား လေ့ကျင့်ရန်၊ အကြမ်းဖက် ဖောက်ခွဲရန် အကြံအစည်များရှိခဲ့သည်ဟု ဖမ်းဆီးခံ ၂၀ ဦးက ၀န်ခံခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့ဌာနချုပ်က ပြောကြားထား သည်။
7Day Daily

0 comments:
Post a Comment