
အာဆီယံစီးပွားရေး အကြံပေးကောင်စီမှ ပေးအပ်သည့် မြန်မာနိုင်ငံအဆင့် ထူးချွန်ဆု (National Winners)ကို ကမ္ဘောဇဘဏ် အပါအဝင် ပြည်တွင်းကုမ္ပဏီခြောက်ခုမှ ရရှိခဲ့ကြောင်း အာဆီယံစီးပွားရေး အကြံပေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အာဆီယံစီးပွားရေး အကြံပေးကောင်စီမှ ပေးအပ်သည့် မြန်မာနိုင်ငံအဆင့် ထူးချွန်ဆု ခြောက်မျိုးဖြစ်သည့် လုပ်ငန်းစီမံအုပ်ချုပ်မှု ထူးချွန်ကောင်းမွန်ခြင်း ထူးချွန်ဆုအတွက် ကမ္ဘောဇဘဏ်၊ ဆန်းသစ်တီထွင်ခြင်း ထူးချွန်ဆုကို Fame Pharmaceuticals Industry Ltd၊ အာဆီယံဒေသကြီး တစ်ခုလုံးတွင် ပျံ့နှံ့စွာ လုပ်ကိုင်နိုင်ခြင်း ထူးချွန်ဆုကို Myanmar Airways International၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ထူးချွန်ဆုကို Kelvin Chia Yangon၊ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ထူးချွန်ဆုကို Blue Ocean Operating Management ကုမ္ပဏီနှင့် အမျိုးသမီးခေါင်းဆောင်များ ထူးချွန်ဆုကို City Mart Holding ကုမ္ပဏီတို့မှ ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်ကျင်းပမည့် ၁၁ ကြိမ်မြောက် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံအဆင့်ထူးချွန်သည့် ကုမ္ပဏီများနှင့် အာဆီယံအဆင့်ထူးချွန်သည့် ကုမ္ပဏီများကို အဆိုပါဆုအား ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အာဆီယံစီးပွားရေး အကြံပေးကောင်စီမှ ပေးအပ်သည့် Asean Business Award ပြိုင်ပွဲတွင် ဒေသတွင်းကုမ္ပဏီ ၁၂ဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အာဆီယံဒေသတွင်း စီးပွားရေးလုပ်ငန်းများ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန်နှင့် အာဆီယံဒေသတွင်း ထူးချွန်သော စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ပေးရန် ရည်ရွယ်၍ အာဆီယံစီးပွားရေး အကြံပေးကောင်စီက ၂ဝဝ၇ ခုနှစ်မှစ၍ အဆိုပါဆုကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အာဆီယံစီးပွားရေး အကြံပေးကောင်စီသည် အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံသည်လည်း အာဆီယံစီးပွားရေး အကြံပေးကောင်စီ၏ အဖွဲ့ဝင်ဖြစ်ကာ ယခုနှစ်တွင် အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
Asean Business Award အတွက် ၂ဝ၁၄ ခုနှစ် မေ ၁ ရက်မှ ဇူလိုင် ၁၅ ရက်အထိ အာဆီယံစီးပွားရေး လုပ်ငန်းရှင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားရပြီး အာဆီယံနိုင်ငံတိုင်း၌ Asean BAC မှ တာဝန်ပေးရွေးချယ်သည့် စီးပွားရေးလုပ်ငန်းရှင် မဟုတ်သော ဒိုင်လူကြီးအဖွဲ့မှ စံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတွင်းထူးချွန်ဆုကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
0 comments:
Post a Comment