Monday, October 20, 2014

ကမ္ဘာလျှပ်စစ်ထုတ်လုပ်ရေး နဲ့ ကျောက်မီးသွေး စက်ရုံ (၃)





မြန်မာနိုင်ငံ နဲ့ လျှ့ပ်စစ်ထုတ်လုပ်မှု

2010 ခုနှစ် ဒေတာတွေအရ မြန်မာနိုင်ငံက တနိုင်ငံလုံးအနေနဲ့ ၇၅၄၃ မီဂါဝပ် မျှသာ ရှိပါသေးတယ်။ အဲဒီ ၇၅၄၃ မီဂါဝပ်ရဲ့ ၈၀%က ရေအားလျှပ်စစ်က ရရှိတာဖြစ်ပြီး ကျန်တာကတော့ ဒီဇယ် သဘာဝဓါတ်ငွေ့တွေက နေ ရရှိတာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေရ မြန်မာနိုင်ငံရဲ့ လျှပ်စစ် လိုအပ်ချက်က တနိုင်င်လုံးအတိုင်းအတာ အနေနဲ့ ၃၉% လောက်သာ ဖြည့်စွမ်းပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒေတာတွေကို ကြည့်စရာ မလိုပါဘူး။ မြန်မာနိုင်ငံမှာ မြို့ကြီးတွေတောင် လျှ့ပ်စစ်လုံလုံလောက်လောက် မရရှိတာ လက်တွေ့ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ လျှပ်စစ်ထုတ်လုပ်မှု ကို အိမ်နီးနားချင်း နိုင်ငံဖြစ်တဲ့ အပြင် တိုးတက်မှု နှေးကွေးနေသေးတဲ့ ဘင်္ဂလာဒေရှ် လို နိုင်ငံနဲ့ နှိုင်းယှဉ်ပါရစေ။ ဘင်္ဂလာဒေရှ် နိုင်ငံရဲ့ လျှပ်စစ်ထုတ်လုပ်မှု့ စုစုပေါင်း ၃၅ သိန်း မီဂါဝပ် ရှိပါတယ်။ မြန်မာနိုင်ငံထက် အဆပေါင်း ၄.၅ ကျော် လျှပ်စစ်ထုတ်လုပ်နိုင်ပါတယ်။

လက်ရှိမြန်မာနိုင်ငံ အခြေအနေကို ကြည့်ရမယ်ဆိုရင် နိုင်ငံတိုးတက်ဖို့ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ လာရောက်မှ မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ လုပ်အားတွေလဲ တိုးတက်လာမှာ ဖြစ်သလို နိုင်ငံလဲ တိုးတက်လာမှာပါ။ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ လွန်ခဲ့တဲ့ ၃-၄နှစ်အတွင်းမှာ ထင်သလောက် မလာတာဟာ မတည်ငြိမ်သေးတဲ့ နိုင်ငံရေးကို ခဏဖယ်ထားပြီး ကြည့်မယ်ဆိုရင် လျှပ်စစ်လုံလုံလောက်လောက် မရှိလို့ဆိုတာက အဓိက အချက်အလက် ဖြစ်နေပါတယ်။

ကျွန်တော်ရဲ့ အမြင်ကတော့ ရှင်းပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ လျှပ်စစ်မီး လုံလောက်အောင် မရရှိဘူးဖြစ်နေတယ်။ ပြည်သူလူထု သုံးစွဲရန်၊ လုပ်ငန်းသုံး စက်ရုံသုံး ပြုလုပ်ရန် လျှပ်စစ်မီး မလုံလောက်ဘူးဖြစ်နေတယ်ဆိုတဲ့ အကြောင်းတရားက ရှင်းပါတယ်။ ဒီနေရာမှာ ကျွန်တော်က ဘယ်သူ့ကြောင့်ဖြစ်သလဲဆိုတာကို ပြောဆိုမှာ မဟုတ်ပါဘူး။ ဘယ်သူ့ကြောင့် ဖြစ်သလဲဆိုတာ လက်ညိုးထိုး အပြစ်ဖို့ ပြောဆိုနေရုံနဲ့ ကျွန်တော်တို့ လျှပ်စစ်မီး မရလာနိုင်ပါဘူး။ ကျွန်တော်တို့ တတွေ လျှပ်စစ်မီးရအောင် ဘယ်လိုလုပ်မလဲဆိုတာ အဖြေရှာကြရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်၇ှိ ဟိုက်ဒရိုပါဝါလို့ ခေါ်တဲ့ ရေအားလျှပ်စစ်ကနေ အဓိက ထုတ်နေပါတယ်။ နောက်ထပ် အဲဒီရေအားလျှပ်စစ်ကနေ ထပ်ပြီး ထွက်လာဖို့ အဓိက မြစ်တွေဖြစ်တဲ့ ဧရာဝတီ သံလွင်မြစ်တွေက ထုတ်ယူဖို့ပဲ ရှိပါတယ်။ အဲဒီလို မြစ်တွေက ရေအားလျှပ်စစ်တွေ ထုတ်ယူတာကို ကျွန်တော်ကိုယ်တိုင် သဘောမတူပါဘူး။ အဲဒီမြစ်တွေကနေ အသက်မွေးဝမ်းကြောင်း ပြုလုပ်နေတဲ့ မြန်မာလူဦးရေက သန်းပေါင်းမြောက်များစွာ ရှိနေတာရယ် အဲဒီမြစ်ကနေ လျှပ်စစ်ထုတ်လုပ်တဲ့ အခါမှာ အကျိုးရှိရှိမဲ့ လူဦးရေ နဲ့ အချိုးချကြည့်တာရယ်။ ပျက်စီးသွားမဲ့ မြစ်လမ်းကြောင်း၊ မြစ်ရေ တိမ်ကောမှု၊ မလိုလားအပ်တဲ့ နေရာတွေမှာ ရေကြီးမှု စတာတွေနဲ့ ထည့်တွက်လိုက်မယ်ဆိုရင် အကျိုးမျှချေက မသင်လျော်တဲ့ အတွက် ကျွန်တော်တို့ ဒီနည်းကို မေ့ထားလိုက်ပါတယ်။

နောက်ထပ် လျှပ်စစ်ထုတ်လုပ်နိုင်တဲ့ သဘာဝဓါတ်ငွေများဖြစ်ပါတယ်။ ဒီနေရာမှာ သဘာဝဓါတ်ငွေတွေကိုလဲ တခြားနိုင်ငံတွေကို နှစ်ရှည်ကြာမြင့်စွာ စာချုပ်စာတမ်းများနဲ့ ရောင်းချထားပြီ ဖြစ်လို့ ကျွန်တော်တို့တတွေက ရေတွင်းမှာ ထိုင်ပြီး ရေငတ်နေတဲ့ ဘဝ ဖြစ်နေအုန်းမှာပါပဲ၊ နောက်ထပ် လိုက်လံရှာဖွေ တူးဖော်နေတဲ့ ဓါတ်ငွေတွင်းတွေ အနေနဲ့ လက်၇ှိ အောင်မြင်စွာ ထွက်နေတဲ့ ရတနာတို့လို့ ကျောက်ဖြူတွင်းတွေလို့ များများစားစား မထွက်၇ှိသေးတာရယ်။ အသုံးချမှု နည်းပညာ လိုအပ်နေသေးတာရယ်ကြောင့် သဘာဝ ဓါတ်ငွေ့ကနေ လျှပ်စစ်ထုတ်လုပ်ဖို့အတွက် ရတော့ ရမှာပါ။ သို့သော်လည်း တိုးတက်တဲ့ လူဦးရေ နဲ့ တိုးတက်တဲ့ စက်မှုလုပ်ငန်းတွေအတွက် လျှပ်စစ်ကို လုံလောက်အောင် ပေးနိုင်အုန်းမှာ မဟုတ်ပါဘူး။ ဒီနေရာမှာ ရောင်းထားတဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းတွေကို ရပ်ပြီး ကိုယ်နိုင်ငံမှာ လိုအပ်သလို အသုံးပြုဖို့ လုပ်ပေါ့ဆိုပြီး ကလေးဆန်ဆန် အတွေးနဲ့ ရပ်ချင်တိုင်း ရပ်လို့ မရပါဘူး။ နိုင်ငံတကာနဲ ယှဉ်လာရင် ကိုယ်ပြန်သုံးခွင့်ရတာနဲ့ လျောကြေးနဲ့က တူညီနိုင်မှုမရှတာကြောင့် ကျွန်တော်တို့ နောက်ထပ်နှစ်တွေ စောင့်ရအုန်းမှာပါပဲ။

နောက်တခုက ဒီဇယ်နဲ့ ဘိုင်အိုဒီဇယ်ကနေ လျှပ်စစ်ထုတ်လုပ်ဖို့ဆိုတာကတော့ ကြက်ဆူဆီ စိုက်ခိုင်းတာထက် ပိုပြီး အကျိုးမဲနေမဲ့ အခြေအနေပါပဲ။ ဒါဆိုရင် နောက်ဆုံး ဘယ်လို နည်းပညာတွေက လျှပ်စစ်မီးရနိုင်မလဲ ဆိုတာ အဖြေက ရှင်းလာပါပြီ။

ကျွန်တော် အပေါ်မှာ တင်ပြခဲ့သလို နိုင်ငံတကာ အထူးသဖြင့် စက်မှုနိုင်ငံတွေက သူတို့ စိတ်ကြိုက် ကျောက်မီးသွေးတွေကို အသုံးပြုပြီး လျှပ်စစ်ကို သွင်သွင် ထုတ်ပြီးကြပါပြီ။. တချို့ နိုင်ငံများဆိုရင် လျှပ်စစ်မီးများ ထွန်းညိထားလိုက်တာ ညဆိုတာ မရှိတော့ပဲ နေလည်အလားထိန်ထိန်လင်းနေပါတယ်။ သူတို့တတွေ စိတ်ကြိုက် ကျောက်မီးသွေးသုံး လျှပ်စစ်တာဘိုင်တွေ အသုံးပြု ထွန်းနေချိန်မှာ အဲဒီသဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုတာ ဘယ်ရောက်နေပါလဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံက ထိန်ထိန်လင်းဖို့ အသာထား။ လုံလောက်အောင်တောင် မဖြည့်စည်း မဆောင်ရွက်နိုင်သေးတာမိုလို့ ပြည်စုံအောင် လုပ်ချိန်မှာ လာပြီး သဘာဝ ပတ်ဝန်းကျင် ထိမ်းသိန်းရေးလို့ လာရောက်ပြောဆိုတာဟာ တရားမျှတပါသလားလို့ ပြန်မေးရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ကျောက်မီးသွေးတာဘိုင် ၁၀ လုံးဆောက်ရင်တောင်မှ သူတို့မှာ ရှိနေတဲ့ ပမာဏရဲ့ အပုံ တသိန်း ပုံ တပုံ မပြည့်သေးပါဘူး။ ဒါကြောင့် ရေအားလျှပ်စစ်ပြီးရင် ဈေးသက်သာတဲ့ ကျောက်မီးသွေး တာဘိုင်ကို ကျွန်တော်တို့တတွေ ရရှိအောင် လုပ်ရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ လျှပ်စစ်မီးရဖို့ အတွက် စစ်တပ် အုပ်ချုပ်မှ၊ ပြည်ခိုင်ဖြိုး အုပ်ချူပ်မှ ဒီမိုကရေစီ အရပ်သား အုပ်ချုပ်မှ မဟုတ်ပါဘူး။ ဘယ်သူအုပ်ချုပ်ချုပ် လျှပ်စစ်မီးရဖို့ အဓိက ပါပဲ။ ယခုလောလောဆယ် ကျောက်မီးသွေး တာဘိုင် ဆောက်မယ်ဆိုရင် ကျွန်တော်တို့ တတွေ အနေနဲ့ လိုက်လံ ကန့်ကွက်နေဖို့ထက် ဆောက်လုပ်မဲ့ ကျောက်မီးသွေး တာဘိုင်ရဲ့ အလုပ်လုပ်မှုက ဘယ်လိုလဲ။ ဘယ်လောက်အထိ ပတ်ဝန်းကျင် ထိမ်းသိမ်းမှုကို အနှောက်အယှက်ပေးမလဲ ဒီထက် ကောင်းမွန်တာ ရနိုင်မလား စစ်ဆေးရမှာ ဖြစ်ပါတယ်။ နောက်ထပ် အရေးကြီးဆုံး စစ်ဆေးရမှာက ကျောက်မီးသွေးတာဘိုင် ဆောက်ဖို့ ဒေါ်လာ သန်း ၅၀ ကုန်မယ်ဆိုတာကို ဒေါ်လာ သန်း ၁၀၀ ကုန်မယ်ဆိုပြီး မပြဖို့ အရေးကြီပါတယ်။

နောက်ဆုံး နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ ကိုယ်တိုင်းပြည်မှာ လိုအပ်နေတဲ့ လျှပ်စစ်မီးရရှိဖို့ ဆိုရင် ကျောက်မီးသွေး တာဘိုင်ဆိုရင်လဲ ကျွန်တော်တို့ ရနိုင်သမျှ တည်ဆောက်ပြီး စက်ရုံ တွေ အလုပ်ရုံတွေ တိုင်းပြည်ထဲမှာ လာရောက်ရင်းနှီးမြုပ်နှံရင်းကနေ တိုင်းပြည်လဲ တိုးတက်ကြီးပွား ပညာရေးတွေလဲ တိုးတက် လူမှု ပတ်ဝန်းကျင်လဲ မြင့်မားတဲ့ အခြေအနေမျိုးကို ဝိုင်းဝန် ဖန်တီးကြပါစို့။

မောင်ခြိမ့်

ဒေတာ တချို့နဲ့ လိုအပ်တဲ့ အချက်အလက်များကို ဒီနေရာတွေက ယူပါတယ်။
www.ash.harvard.edu/extension/ash/docs/electricitydemand.pdf

http://www.indexmundi.com/facts/myanmar/electricity-production

http://www.irrawaddy.org/business/achieving-burmas-energy-goal-will-tough-report.html?print=1

တကယ်တော့ ကျွန်တော် စာရေးမကောင်းပါဘူး။ ကျွန်တော်ပေးထားတဲ့ လင့်တွေကနေ ဒီထက် ပိုကောင်းတဲ့ ဆောင်းပါးတွေကို မီဒီယာတွေက ဖတ်ပြီး ပြည်သူတွေဆီ အရောက်ပို့နိုင်ပါစေ။ တစ်ယောက်ဖတ်လို့ တစ်ယောက် အကျိုးရှိမယ်ဆိုရင် ကျွန်တော် ရှာဖွေပေးရကျိုးနပ်ပါတယ်။ ကျွန်တော် လျှပ်စစ် အင်ဂျင်နီယာ မဟုတ်ပါ။ အမှားအယွင်းများပါခဲ့လျင်လဲ ပြောပြနိုင်ပါတယ်။

ဝန်ခံချက်။ ။ ကျွန်တော်သည် စစ်တပ် မိသားစုမှ မွေးဖွားလာသူလဲ မဟုတ်ပါ။ ကြံဖွံလဲ မဟုတ်သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ဝင်လဲ မဟုတ်ပါ။ တရုတ်လူမျိုးလဲ မဟုတ်သလို ကုလား သို့မဟုတ် မွတ်စလင်လည်း မဟုတ်ပါ။ ဗမာစစ်စစ် ဗုဒ္ဒဘာသာ အစွန်းမရောက်သူ ဖြစ်ပါသည်။ ကျွန်တော်သည် အစိုးရ ဝန်ထမ်းလဲ မဟုတ်သလို မည့်သည့်အဖွဲ့အစည်း၏ သြဇာခံလည်း မဟုတ်ပါ။ မိမိဘာသာ အသက်မွေးဝမ်းကျောင်းပြုလုပ်ပြီး အမှီခို ကင်းစွာ နေထိုင်နေသူဖြစ်ပါသည်။ သေချာသည်ကတော့ ကျွန်တော် စိတ်ကူးမယှဥင်္ပါ။ သို့သော် မြန်မာနိုင်ငံကိုတော့ ချစ်ပါသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...