Monday, October 20, 2014

လာမည့်နှစ်ဆန်းပိုင်းမှစ၍ ပုဂံဒေသဇုန်ဝင်ကြေးတိုးမြှင့်ကောက်ခံမည်




ပုဂံဒေသသို့ လာရောက် လည်ပတ်သော နိုင်ငံခြားသားခရီးသွားဧည့်သည်များကို ကောက်ခံသော ဇုန်ဝင်ကြေးများ ဇန်န၀ါရီ ၁ ရက်မှစ၍ ငါးဒေါ်လာ တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။

‘‘ပုဂံဒေသဟာ ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ဖြစ်လာအောင် လုပ်နေတဲ့အတွက် အခုထက်ပိုပြီး ဒေသကို ထိန်းသိမ်းကာကွယ်တဲ့ လုပ်ငန်းတွေ လုပ်နိုင်အောင်လို့ ၀င်ကြေးတိုးပြီး ကောက်ခံလိုက်တာပါ’’ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ပုဂံသည် လူသိများသော ဒေသတစ်ခုဖြစ်ပြီး ကမ္ဘာ့အမွေ အနှစ်စာရင်းဝင် ဒေသတစ်ခုဖြစ် စေရန် ဆောင်ရွက်နေသော ဒေသတစ်ခုလည်းဖြစ်၍ ယခုကဲ့သို့ဝင်ကြေးတိုးမြှင့်ကောက်ခံခြင်းကြောင့် ခရီးသွားဝင်ရောက်မှု အပေါ်တွင် ထိခိုက်မှုမရှိနိုင်ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် ပုဂံဒေသ၌ ဇုန် ၀င်ကြေးကို နိုင်ငံခြားသားတစ် ဦးလျှင် ၁၅ ဒေါ်လာဖြင့် ကောက် ခံလျက်ရှိပြီး ၂၀၁၅ ဇန်န၀ါရီ ၁ ရက်မှစပြီး ၂၀ ဒေါ်လာသို့ တိုးမြှင့်ကောက်ခံမည်ဖြစ်ကာ ငါး ရက်လည်ပတ်ခွင့်ရရှိမည်ဖြစ်သည်။

‘‘ငါးဒေါ်လာပဲ တိုးကောက် တဲ့အတွက် ကမ္ဘောဒီးယားတို့နဲ့ ယှဉ်ရင်ဝင်ကြေးက မများပါဘူး။ အဲဒီအတွက်ကြောင့် ခရီးသွားဝင် ရောက်မှုကို သိပ်ပြီးထိခိုက်စရာ မရှိပါဘူး။ ဒီကရတဲ့ ၀င်ငွေရဲ့ တချို့တစ်ဝက်ကို ပုဂံဒေသဖွံ့ဖြိုး ရေးအတွက်လည်း အသုံးချသင့် ပါတယ်’’ဟု မြန်မာနိုင်ငံဧည့်လမ်း ညွှန်အသင်း ဥက္ကဋ္ဌဦးဇော်ဝင်းချို က ပြောသည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားဝင်ရောက်မှုနှုန်းမှာ ၂၀၁၂ တွင် ၁ ဒသမ ၂ သန်း သာရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ၂ ဒသမ ၀၄ သန်းအထိ ရှိလာသည့်အတွက်နှစ်ဆကျော် တိုးတက်လာခဲ့သည်။

ယခုနှစ်တွင် ကမ္ဘာလှည့်ခရီး သွား သုံးသန်းအထိ ၀င်ရောက် မည်ဟု ၀န်ကြီးဌာနက ခန့်မှန်းထားပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာလ ကုန်အထိ ခရီးသွား၂ သန်းကျော် ၀င်ရောက်ခဲ့ပြီဖြစ်၍ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ကထက် ၅၀ ရာခိုင်နှုန်းကျော် တိုးတက်နေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းထံမှ သတင်းရရှိသည်။

Monday, October 20, 2014
7Day DAILY

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...