Monday, October 20, 2014

ဆင်မကြီးမိုမိုမွေးနေ့ တိရစ္ဆာန်ရုံ လူဝင်များပြီး ၀န်ဆောင်မှုမနိုင်





ဆင်မကြီးမိုမို၏ အသက်(၆၁)နှစ်ပြည့် မွေးနေ့တွင် တိရစ္ဆာန်ဥယျာဉ်သို့ လာရောက်ကြည့်ရှုသူ ပြည်သူတစ်ထောင်ကျော်ရှိခဲ့သော်လည်း ဥယျာဉ်အတွင်း အများပြည်သူဝန်ဆောင်မှုမှာအလွန်အားနည်းနေကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

အောက်တိုဘာ ၁၉ ရက် တွင် ကျင်းပခဲ့သော ဆင်မကြီးမိုမို သည် ဥယျာဉ်အတွင်းသို့ အသက် (၇)နှစ်အရွယ်ကတည်းက ရောက်ရှိနေ ခြင်းဖြစ်ပြီး ၁၉၆၁ ခုနှစ်တွင် ကယားပြည်နယ်၊ လွိုင်ကော်မှ ဦးခွန်စန္ဒကမှ ပေးပို့လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ယခင်မြန်မာအသံမှ တနင်္ဂ နွေနေ့များတွင် ထုတ်လွှင့်နေကျ မိသားစုတနင်္ဂနွေသီချင်းကြောင့် ဆင်မိုမိုကို လူသိများခဲ့သည်။

‘‘မနက်က လူတစ်ထောင် လောက်ရှိတယ်။ မိုမိုမွေးနေ့အတွက်က ခုံ ၃၀၀ ကျော်လောက်ပဲ ခင်းထားတာ။ ဒါကြောင့်မို့ အပန်းဖြေသူတွေ အဆင်မပြေဖြစ်သွားတာပါ။ မနှစ်က အဲဒီလောက် မလာဘူးလေ။ မထင်မှတ်ဘဲ လူပိုများသွားတာ’’ဟု တိရစ္ဆာန်ရုံမန်နေဂျာ ဦးရဲလင်းစိုးက ပြောသည်။

တိရစ္ဆာန်များထားရှိရာ လှောင်အိမ်များ၊ ခြံများ၊ ကန်များ မသန့်ရှင်းမှုမှာ မထူးခြားတော့ သော်လည်း ဧည့်သည်များအ တွက် ယခုကဲ့သို့နေ့မျိုးတွင် သေ ချာစွာပြင်ဆင်ထားသင့်ကြောင်း ထိုနေ့တွင် သွားရောက်ခဲ့သူများကပြောကြားသည်။

မိုးရာသီ မကုန်သေး၍ ပြင်ဆင်မှုများ မပြုလုပ်ရသေးခြင်းဖြစ်ပြီး ပွင့်လင်းရာသီရောက်ပါက တိရစ္ဆာန်များထားရှိသော လှောင်အိမ်နေရာများကို သပ်ရပ်သန့်ရှင်းမှုရှိရန် ရေဆေးခြင်း၊ ဆေးပြန်သုတ်ခြင်းစသည့်အစီအစဉ်များရှိကြောင်း ၎င်းကရှင်းပြသည်။

ပွဲတော်ရက်များနှင့် စနေ၊ တနင်္ဂနွေအားလပ်ရက်များတွင် အပန်းဖြေသူများ စွန့်ပစ်သွား သော အမှိုက်များ များပြားလေ့ရှိကြောင်း အမှိုက်ပုံများလည်း နေ ရာတော်တော်များများတွင် ချပေး ထားကြောင်း၎င်းကဟု ဆိုသည်။

လူအများ စိတ်ဝင်စားသော မြင်းကျား၊ သစ်ကုလားအုပ်များ နှင့် အခြားတိရစ္ဆာန်များကိုလည်း တိုးချဲု့ပြသရန် စီမံချက်ဆွဲ၍ ပြု လုပ်နေကြောင်း တိရစ္ဆာန်ရုံ၏ အကြံပေး ရာထူးယူထားသော ဒေါက်တာမြင့်သိန်းက ပြောသည်။

ဥယျာဉ်ဝင်းအတွင်း နာရီ ၀က်ခန့်စီးရပြီး ကျပ် ၅၀၀၀ တန် ဥယျာဉ်ပတ်ကားမှာ ခြောက်စီးသာရှိ၍ တိရစ္ဆာန်ဥယျာဉ်ဝင်း အတွင်း ခြေကျင်လျှောက်လျှင် ၁ နာရီခန့်ကြာမြင့်မည် ဖြစ်သည်။ ၀င်ကြေးမှာ လူကြီး ၁၀၀၀ ကျပ်၊ ကလေး ၅၀၀ ကျပ် ဖြစ်သည်။

အသီးအနှံများဖြင့် လုပ်ထား သော မွေးနေ့ကိတ်ပုံစံပေါ်တွင် ဖယောင်းတိုင် ၆၁ တိုင်ကို အသက်(၆၁)နှစ်ရှိ ဆင်မကြီး မိုမိုနှင့် အခြားဆင်အဖော်များက မီးမှုတ်ပြီး ကျင်းပခဲ့သည်။ ဥယျာဉ်အတွင်း အသက်(၇)နှစ်အရွယ်ကတည်းကရောက်ရှိခဲ့ပြီး နှစ်ပေါင်း ၅၃ နှစ်ကျော်ကြာ ကျန်းမာစွာဖြင့် တိရစ္ဆာန်ရုံသို့ ရောက်ရှိသူတိုင်းကို အသက်ကြီးလာသည့်တိုင်အောင်ဖျော်ဖြေရင်း၊ လူထုမေတ္တာကို ခံယူနေဆဲဖြစ်ကြောင်း ဆင်ထိန်းကြီး ဦးမောင်မောင်ကပြော သည်။

‘‘အရင်တုန်းက ဖျော်ဖြေရေး တွေမှာ ကင်းမြီးကောက်ထောင် နိုင်တယ်။ ခုတော့ အသက်ကြီးလို့ မခိုင်းတာ ဆယ်နှစ်ရှိပြီ’’ဟု ၎င်း က ရှင်းပြသည်။

မိုမိုသည် ယခုအခါ အရပ် အမြင့် ၇ ပေ ၈ လက်မရှိပြီး လုံး ပတ် ၁၇၄ လက်မ၊ အစွယ်မှ ဟိုင်းဆင်ဖြစ်ပြီး၊ ကျောကပြာသာဒ်၊ မျက်လုံးဘုတ်၊ နားရွက်က နားကြီး၊ ခြေသည်းရှေ့ ၄၊ နောက် ၄၊ အသားအရေသြဇာ ကွက်ရှိပြီး အမူအကျင့်ကောင်းမွန်သည်။

မိုမို၏မွေးနေ့သို့ လာကြည့်သူများထဲမှ တိရစ္ဆာန်များနှင့်ပတ် သက်သော ဗဟုသုတမေးခွန်းများ ကို ဖြေဆိုနိုင်သူ ကလေး၊ လူကြီးများကို တိရစ္ဆာန်များအား ကျွေးရန် အသီးအနှံခြင်း တောင်းများပြန်လည် လက်ဆောင်ပေးခဲ့သည်။

ဆင်မကြီးမိုမိုမွေးနေ့နှင့် တနင်္ဂနွေ အားလပ်ရက်ဖြစ်၍ မိသားစုများ လာရောက်အပန်း ဖြေကြပြီး မွေးနေ့တွင် မျက်လှည့် ပွဲ၊ Unplug Show နှင့် တိရစ္ဆာန် ကပွဲများ ပါဝင်ခဲ့ပြီး တိရစ္ဆာန်ရုံ ကိုလာသည့် ဧည့်သည်များ ယခင်နေ့များထက် သုံးဆများခဲ့ကြောင်း တိရစ္ဆာန်ရုံ အုပ်ချုပ်ရေးပိုင်းထံမှ သိရသည်။

‘‘သစ်တောမှာဆို သစ်လုံးဆွဲ နေရမှာလေ။ ခုတိရစ္ဆာန်ရုံမှာ ချမ်းချမ်းသာသာနေရတယ်’’ ဆင်မိုမိုအလှူရှင်၏ မြေးမတစ်ဦးဖြစ် သူ ဒေါ်တင်တင်နွယ်က မွေးနေ့လက်ဆောင် လာပေးရင်းပြောသည်။

တိရစ္ဆာန်ရုံတွင် မိုမိုနှင့် စား ဖော်စားဖက်၊ လမ်းလျှောက်ဖက်၊ ပြပွဲများတွင် ကပြဖက်များဖြစ် သော မိုမိုအပါအ၀င် စုစုပေါင်း ဆင်ကိုးကောင်ရှိကြောင်း ဆင် ထိန်းများထံမှ သိရသည်။


Monday, October 20, 2014
7Day DAILY

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...