Monday, October 20, 2014

အားလုံး တာဝန်ကိုယ်စီ ရှိကြသည်




လူတို့သည် ပင်ကိုသဘာဝအားဖြင့် ရိုးသားဖြောင့်မတ်ကြသူများ ဖြစ်ပါသည်။ ပတ်ဝန်းကျင်၏ အခြေအနေကြောင့်သော် လည်းကောင်း၊ ဘ၀ရှင်သန်မှု အကျပ်အတည်းကြောင့်သော် လည်းကောင်း လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အကုသိုလ်တရားများ၏ လွှမ်းမိုးမှု ခံလိုက်ရခြင်းကြောင့်သော် လည်းကောင်း လူတို့၏စိတ်တို့သည် အရောင်များစွန်းထင်းပြီး ဆိုးမိုက်ကုန်ကြတာ ဖြစ်လေသည်။ သတင်းများတွင် အမြဲတမ်းလိုလို လူသတ်မှုသတင်း၊ ခိုးဝှက်မှုသတင်း၊ သားမယားပြုကျင့်မှု၊ မုဒိမ်းမှုသတင်း စတဲ့သတင်းများသည် လူတို့၏ အကျင့်စာရိတ္တ ပျက်ပြားလာတဲ့အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ မကောင်းမှုလုပ်ရပ်များ ဖြစ်လေသည်။

လူ့အဖွဲ့အစည်း ပရမ်းပတာဖြစ်လျက် လူနေမှုဘ၀တွေ ဆိုးရွားနေခြင်းသည် လူ့အဖွဲ့၌ ပါဝင်နေသော လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရား ပျက်ပြားခြင်းနှင့် ထိုလူ့အဖွဲ့အစည်းကို စည်းလုံးညီညွတ်အောင် ထိန်းကွပ်အုပ်ချုပ်နိုင်သော ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် မရှိခြင်းတို့ကြောင့်ဖြစ်သည်ဟု ဆိုနိုင်သည်။ လူ့အဖွဲ့အစည်းကြီး ကောင်းမွန်လာအောင် ပြုပြင်နိုင်ရေးအတွက် လူငယ်လူရွယ်များ အနေဖြင့် နိုင်ငံရေး၊ လူမှုရေး၊ ကိုယ်ကျင့်တရားနဲ့ အယူအဆတို့ ကောင်းမွန်ဖို့ လိုအပ်လေသည်။ လူတစ်ဦးချင်းစီအနေနဲ့ ကိုယ်ကျင့်တရားကောင်းပါမှ ထိုလူတစ်ဦးချင်းစီ ပါဝင်ဖွဲ့စည်းထားသော လူ့အဖွဲ့အစည်းကြီးသည်လည်း ကောင်းမွန်လာနိုင်ပေမည်။ လူတိုင်းလူတိုင်းတွင် မြင့်မြတ်သော စိတ်ထားရှိမှု၊ အားလုံးအပေါ် မေတ္တာထားနိုင်ခြင်း၊ အများကောင်းကျိုးကို ရှေးရှုခြင်း၊ သနားညှာတာခြင်း၊ ကိုယ်ချင်းစာတရားရှိခြင်း၊ သဒ္ဓါတရားရှိခြင်း၊ ရက်ရောခြင်း စတဲ့ကောင်းမြတ်သော စိတ်ထားများရှိပါလျှင် ကောင်းမြတ်သော နိုင်ငံ့လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာပေလိမ့်မည်။

ယနေ့ လူ့အဖွဲ့အစည်းသည် မိမိကိုယ်ကျိုးစီးပွားအတွက်သာကြည့်၍ ပြုမှုဆောင်ရွက်နေကြတာများသည်။ လူအချင်းချင်း ဆက်ဆံပေါင်းသင်းရာတွင်လည်း မိမိအကျိုးရလဒ်ကိုသာကြည့်၍ အချင်းချင်းအသုံးချလျက် ဆက်ဆံကြသည်။ မိမိတို့၏ အတ္တဟိတကိုပဲ ဦးစားပေးပြောဆို ဆွေးနွေးကြသည်။ နောက်တော့ တစ်ဦးမှတစ်ဦး ကောက်ကျစ်၍ လှည့်ပတ်ခြင်းများ ပြုလုပ်လာကြသည်။ ကောင်းမွန်သော လူ့အဖွဲ့အစည်း ဖြစ်စေဖို့ဆိုသည်မှာ အပြောအဆို၊ အပြုအမူများ ပြုလုပ်တဲ့အခါမှာ ကောင်းကျိုးရလဒ်များကို အမြဲတမ်းမျှော်လင့်ပြီး ပြုမူပြောဆို၍ မရနိုင်ပေ။ အပြောအဆို အပြုအမူများသည် စေတနာအရင်းခံဖြင့် ပြောသင့်၊ ပြုမူသင့်တဲ့ အနေဖြင့်သာ ပြုလုပ်သင့်ပေသည်။

အခုရက်ပိုင်းအတွင်းမှာပဲ ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ရသော လူနှင့်လူမှုရေးဆိုင်ရာ အတွေးအခေါ် အယူအဆများနှင့် ပတ်သက်၍ တရုတ်တွေးခေါ်ပညာရှင် ကွန်ဖြူးရှပ်၏ အတွေးအခေါ် အယူအဆများက အတော်မှတ်သားစရာ ကောင်းလှသည်။ ကွန်ဖြူးရှပ်က “လူသည် ပင်ကိုသဘာဝအားဖြင့် ချမ်းသာသုခကို လိုလားသောသဘော ရှိသည်” ဟု ဆိုသည်။ ထိုသို့ ချမ်းသာသုခကို လိုလားသော လူ့သဘောအပေါ် အခြေခံ၍ အစိုးရကောင်းဟူသည် တိုင်းသူပြည်သား လူအများ၏ ချမ်းသာရေးအတွက် ဆောင်ရွက်ပေးနိုင်မှသာလျှင် တိုင်းပြည်အတွက် အစိုးရကောင်းဖြစ်သည်ဟု ကွန်ဖြူးရှပ်က ယူဆလေသည်။

ကွန်ဖြူးရှပ်က လူ၏အရည်အချင်းနှင့် အဆင့်အတန်းကို မျိုးရိုးဇာတိအရ သတ်မှတ်ပေး၍ မရနိုင်ဟု ဆိုသည်။ “အထက်တန်းစား မျိုးရိုးမှ မွေးဖွားလာသော သူသည်သာလျှင် မြင့်မြတ်သောသူ၊ လူတော်လူကောင်းဖြစ်နိုင်သည်” ဟုဆိုသော အယူအဆကို သူက ဆန့်ကျင်လေသည်။ ဆင်းရဲချမ်းသာ မည်သူမဆို ဆိုခဲ့ပြီးဖြစ်သည့် လူ့နှလုံးသားပြည့်ဝမှု စိတ်ထား၊ တရားမျှတသော စိတ်ထား၊ အများအကျိုး သယ်ပိုးလိုသော စိတ်ထားများရှိလျှင် လူကောင်းသူကောင်း ဖြစ်နိုင်သည်ဟု သူက ယူဆလေသည်။ ဘုရင်ကမွေး၍ ဘုရင်ဖြစ်ရမည်ဆိုတာကို လက်မခံ၊ သားစဉ်မြေးဆက် ထီးနန်းကို အမွေဆက်ခံရသည့် စနစ်ကိုလည်း သူကမကြိုက်ပေ။ မည်သူမဆို “အုပ်ချုပ်သူ” ဟူသော အမည်နှင့် ကိုက်ညီသော ဂုဏ်အင်္ဂါဖြင့် အုပ်ချုပ်နိုင်လျှင် ထိုသူကို အုပ်ချုပ်သူအဖြစ်ဖြင့် တင်မြှောက်သင့်သည်ဟု ကွန်ဖြူးရှပ်က ယူဆတာဖြစ်သည်။ သူက တိုင်းပြည်ဆုတ်ယုတ်ခြင်းသည် ထိပ်ဆုံးကရှိသော အုပ်ချုပ်သူမှနေ၍ အောက်ဘက်ရှိ မှူးမတ်ဝန်ကြီး စသည်တို့ အဆင့်ဆင့် ပျက်စီးမှုကြောင့်ဖြစ်သည်ဟု မြင်သည်။

ထိုအမြင်မှတစ်ဆင့် သူက အမည်နှင့်လိုက်ဖက်အောင် ကျင့်သုံးနေထိုင်မှု အယူအဆကို တွေ့ရှိတာဖြစ်သည်။ ကွန်ဖြူးရှပ်သည် အမည်တိုင်းအမည်တိုင်း၌ ၎င်းတို့ဆိုင်ရာ အမည်နှင့်လျော်ညီသော ယူသင့်ယူအပ်သည့် တာဝန်များ၊ အရည်အချင်းများ ရှိသည်ဟု မြင်သည်။ “အုပ်ချုပ်သူ” ဟူသော အမည်၌လည်း သက်ဆိုင်ရာ၊ ယူသင့်ယူအပ်၊ ရှိသင့်ရှိအပ်သော တာဝန်ဝတ္တရားများ၊ အရည်အချင်းများ ရှိရမည်ဖြစ်သည်။ ဒါ့ကြောင့် လူတစ်ဦးသည် အုပ်ချုပ်သူဖြစ်လာလျှင် အုပ်ချုပ်သူနှင့်လျော်ညီသော ယူသင့်ယူထိုက်သည့် တာဝန်ဝတ္တရားများကို ယူရမည်ဖြစ်သည်။ ရှိအပ်သော အရည်အချင်းများလည်း ရှိနေရမည်။ ထိုသူသည် အုပ်ချုပ်သူဟူသောအမည်၌ ရှိအပ်သည့် အရည်အချင်းများလည်း မရှိ၊ ယူသင့်ယူအပ်သည့် တာဝန်ဝတ္တရားများလည်း မယူပါက ထိုသူသည် အုပ်ချုပ်သူဟု မခေါ်ဆိုနိုင်၊ “အုပ်ချုပ်သူ” ဟူသော အမည်နှင့် မကိုက်ညီဟု ဆိုသည်။

လူသည် ၎င်းတို့ဆိုင်ရာဆိုင်ရာ အမည်နာမ၊ ခေါင်းစဉ်များအောက်၌ တာဝန်၊ ၀တ္တရား၊ အရည်အချင်း စသည်ရှိကြရသည်။ ထိုသူသည် ၎င်းရရှိထားသော အမည်နှင့် ကိုက်ညီမှု ရှိ၊ မရှိ သုံးသပ်ရပေမည်။ ဆိုင်ရာအမည်နာမများနှင့် လူတို့ ကိုက်ညီမှုရှိမည် ဆိုပါလျှင် လူ့အဖွဲ့အစည်းတစ်ရပ်လုံး ကောင်းမွန်လာပေလိမ့်မည်။ လူ့အဖွဲ့အစည်း၌ ပါဝင်သော လူအသီးသီး၌ ၎င်းတို့ကိုယ်စားပြုထားသော အမည်များ အသီးသီး ရှိပြီးသားဖြစ်ကြသည်။ မင်းသည် မင်းပီသရမည်။ ၀န်ကြီးသည် ၀န်ကြီးပီသရမည်။ ၀န်ထမ်းသည် ၀န်ထမ်းပီသရပေမည်။

လူ့အဖွဲ့အစည်းတွင် (၁) အုပ်ချုပ်သူနှင့် တိုင်းသူပြည်သား။ (၂) လင်ယောက်ျားနှင့် ဇနီးမယား။ (၃) ညီနှင့်အစ်ကို။ (၄) သားနှင့်ဖခင်။ (၅) မိတ်ဆွေနှင့်မိတ်ဆွေ ဟူ၍ လူမှုဆက်ဆံရေးငါးမျိုးကို ကွန်ဖြူးရှပ်က ဖော်ပြသည်။ အုပ်ချုပ်သူသည် အုပ်ချုပ်သူ၏ တာဝန်ဝတ္တရားများ ကျေပွန်လျှင်၊ တိုင်းသူပြည်သားများကလည်း တိုင်းသူပြည်သားတို့၏ တာဝန်ဝတ္တရားများ ကျေပွန်လျှင် အုပ်ချုပ်သူနှင့် တိုင်းသူပြည်သားတို့ကြား၌ မည်သည့်ပဋိပက္ခမှ ရှိမလာနိုင်ဟု သူကဆိုသည်။ ထိုသို့မဟုတ်ဘဲ အုပ်ချုပ်သူသည် အုပ်ချုပ်သူအမည်နှင့် ကိုက်ညီသော တာဝန်ကျေပွန်မှု မရှိလျှင်၊ ပြည်သူပြည်သားတို့ကလည်း ပြည်သူပြည်သားနှင့် ကိုက်ညီသော တာဝန်ဝတ္တရားများ မကျေပွန်လျှင် အုပ်ချုပ်သူနှင့် တိုင်းသူပြည်သားတို့ကြား ပဋိပက္ခများ ပေါ်ပေါက်လာနိုင်သည်။ အလားတူ လင်နှင့်မယား အစရှိသည့် အခြားလူမှု ဆက်ဆံရေးများသည်လည်း ထိုနည်းတူဖြစ်သည်ဟု ကွန်ဖြူးရှပ်က ဆိုသည်။

ကွန်ဖြူးရှပ်က အုပ်ချုပ်သူကောင်း၌ ရှိသင့်ရှိအပ်သော အချက်သုံးချက်ကို ထုတ်ပြသည်။ (၁) ပြည်သူပြည်သားတို့၏ စားဝတ်နေရေးလိုအပ်ချက် ပြည့်စုံအောင် ဆောင်ရွက်ပေးနိုင်ခြင်း။ (၂) လက်နက်အင်အား ပြည့်စုံစေခြင်း။ (၃) ပြည်သူတို့၏ ယုံကြည်ကိုးစားမှုကို ရရှိစေခြင်းတို့ ဖြစ်လေသည်။ နိုင်ငံတစ်နိုင်ငံ၌ တရားမျှတစွာ အုပ်ချုပ်ရေးသည် အုပ်ချုပ်သူ၏ တာဝန်ဖြစ်သည်။ အုပ်ချုပ်သူ၏ အမိန့်အာဏာကို တစ်သဝေမတိမ်း လိုက်နာခြင်းသည် ပြည်သူပြည်သားတို့၏ တာဝန်ဖြစ်သည်။ အုပ်ချုပ်သူ၊ မှူးမတ်၊ ပြည်သူ အစရှိသူတို့သည် မိမိတို့၏ တာဝန်များကို ကျေပွန်ကြလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး သာယာငြိမ်းချမ်းမည်ဟု ကွန်ဖြူးရှပ်က ယုံကြည်လေသည်။

ယနေ့ မြန်မာနိုင်ငံသည် အမျိုးမျိုးသော ပဋိပက္ခ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရတာ အားလုံးအသိဖြစ်သည်။ လူ့အဖွဲ့အစည်းသည်လည်း မိမိတို့ခေါင်းစဉ်များအောက်၌ အံမ၀င်ခွင်မကျ ဖြစ်နေသည်။ လူအားလုံးသည် မိမိတို့ရရှိထားသော ခေါင်းစဉ်အမည်နာမအလိုက် ရှိရမည်ဖြစ်သော အရည်အချင်းများနှင့် ထိုအမည်အလိုက် ကျင့်ဆောင်ရမည်ဖြစ်သော တာဝန်ဝတ္တရားများအားလုံး ကိုယ်စီကျေပွန်မည်ဆိုပါက လူ့အဖွဲ့အစည်းတစ်ရပ်လုံး တိုးတက်ငြိမ်းအေးသာယာပြီး ဖွံ့ဖြိုးတိုးတက်လာပေလိမ့်မည်။ ထိုအခါတွင် မလိုလားအပ်သော လူမှုပဋိပက္ခများနှင့် ရာဇ၀တ်မှုများလည်း နည်းပါးသွားလိမ့်မည်ဟု ထင်မိပါသည်။


(ဆောင်းပါးရှင် - စိုးခိုင်ညိန်း)

Eleven Media Group


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...