Monday, October 20, 2014

မြန်မာ ဘောလုံးချစ် ပ ရိ သတ် အ ချို့ ၏ အပြုအမူ များကြောင့် အာရှဘောလုံး အဖွဲ့ချုပ်မှ ဒဏ်ငွေနှင့် ကွင်းပိတ် ပြစ်ဒဏ် ချမှတ်



  မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက် ရှိသော AFC U-19 Championship 2014 ဘောလုံးပြိုင်ပွဲတွင် ပရိသတ် အချို့၏ မလိုလား အပ်သော အပြုအမူ များကြောင့် အာရှ ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီသည် ဒဏ်ကြေးငွေဒေါ်လာ ၂၄ဝဝဝနှင့် နှစ်နှစ်အတွင်း အိမ်ရှင် အဖြစ်ကျင်းပမည့် နိုင်ငံတကာ ပြိုင်ပွဲများမှ ပွဲစဉ်(၁)အား ပရိသတ် မပါဘဲ ကစားစေရန် အောက်တိုဘာ ၁၉ရက်က မြန်မာ နိုင်ငံဘောလုံး အဖွဲ့ချုပ်အား ပြစ်ဒဏ်ချမှတ် အရေးယူခဲ့သည်။

အဆိုပါ ပြိုင်ပွဲအား နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် အောက်တိုဘာ ၉ ရက်မှ ၂၃ ရက်အထိ ကျင်းပလျက်ရှိပြီး ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်း၌ အောက်တိုဘာ ၁၃ ရက်နေ့ အီရန်နှင့် ကစားခဲ့သည့် အုပ်စု နောက်ဆုံးပွဲစဉ်တွင် ပရိသတ် အချို့က ပွဲကြည့် ထိုင်ခုံများအား ရိုက်ချိုး ဖျက်ဆီး၍ ကွင်းအတွင်းသို့ ပစ်ပေါက်ခြင်း၊ သတ်မှတ်နေရာများတွင် အားပေးမှုမရှိခြင်း စသည့် အပြုအမူများ ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် အောက်တိုဘာ ၁၇ရက် ယူအေအီး အသင်းနှင့် ကစားခဲ့သည့် ကွာတားဖိုင်နယ် ပွဲစဉ် အနိုင်ရရှိ ခဲ့ပြီး မြန်မာ့ ဘောလုံးသမိုင်းတွင် ပထမဆုံး ကမ္ဘာ့ဖလား ယူ-၂ဝ ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့သည့်အတွက် ပရိသတ်အချို့ ကွင်းအတွင်း မြက်ခင်းပြင်ပေါ်သို့ ဝင်ရောက်၍ အောင်ပွဲခံ ခဲ့ကြသည်။

အဆိုပါ ပွဲစဉ်တွင် ကွင်းအတွင်း ဝင်ရောက်ခဲ့သည့် အချို့သော ပရိသတ်များအနေဖြင့် ပြိုင်ဘက် အသင်းအား မလိုလား အပ်သော နောက်ပြောင်မှု ပြုလုပ်ခြင်း၊ ကွင်းအတွင်းရှိ အားကစား ဆိုင်ရာ ပစ္စည်းအချို့ ပျက်စီးခဲ့ခြင်း တို့ကြောင့် အာရှ ဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ပြိုင်ပွဲ စည်းမျဉ်း စည်းကမ်း အရ အထက်ပါ အတိုင်း ပြစ်ဒဏ်များ ချမှတ်အရေးယူ ခဲ့ခြင်း ဖြစ်သည်။

အာရှ ဘောလုံးအဖွဲ့ချုပ်၏ အရေးယူမှု သတိပေးချက်အရ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် ဒဏ်ကြေးငွေ ဒေါ်လာ ၂၄ဝဝဝ ပေးဆောင်ရမည့် အပြင် ပရိသတ် မပါဘဲ နိုင်ငံတကာ ပြိုင်ပွဲတစ်ပွဲ ကစားစေရန် ဆိုင်းငံ့ ပြစ်ဒဏ် ချမှတ်ခဲ့ပြီး အကယ်၍ အောက်တိုဘာ ၂ဝ ရက်(ယနေ့)တွင် ကာတာအသင်းနှင့် ကစားရမည့် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ပရိသတ်များ၏ အလားတူ ဖြစ်ရပ်မျိုး သို့မဟုတ် စည်းကမ်း ချိုးဖောက်မှုမျိုး တစ်ခုခု ထပ်မံပြုလုပ် ခဲ့ပါက ဗိုလ်လုပွဲတွင် ပရိသတ် မပါဘဲ ကစားရမည် ဖြစ်သည့် အပြင် သီးခြား ပြစ်ဒဏ်များ ထပ်မံချမှတ် ခံရမည် ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် AFC U-19 Championship 2014 Regulations ပြိုင်ပွဲကျင်းပရေး စည်းမျဉ်း ဥပဒေများ ဖြစ်သည့် Article 65 နှင့် Article 3 (a)(ii) အရ ဒေါ်လာ ၁ဝဝဝဝ၊ Article 67.1 နှင့် 67.3 အရ ဒေါ်လာ ၉ဝဝဝ၊ Article 40.1 နှင့် Article 15.3 အရ ဒေါ်လာ ၅ဝဝဝ စုစုပေါင်း ဒေါ်လာ ၂၄ဝဝဝအား ပေးဆောင် စေရန်နှင့် Article 24 နှင့် Article 33.5အရ ပရိသတ်မပါဘဲ နိုင်ငံတကာ ပြိုင်ပွဲတစ်ပွဲ ကစားစေရန် (နှစ်နှစ်တာ ကာလအတွင်း အိမ်ရှင် အဖြစ် ကျင်းပမည့် မည်သည့် နိုင်ငံတကာပွဲ မဆို) ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် အဆိုပါ ပြစ်ဒဏ်များအား လျှော့ပေါ့ ပေးစေရန် အာရှဘောလုံး အဖွဲ့ချုပ်သို့ ထပ်မံရှင်းလင်း ပန်ကြား၍ အယူခံဝင် သွားမည်ဖြစ်ကြောင်း သိရသည်။

ကွာတားဖိုင်နယ် ပွဲစဉ်သည် အာရှအဆင့် ပြိုင်ပွဲကြီး ဖြစ်သည့်အတွက် ရုပ်သံတိုက်ရိုက် ထုတ်လွှင့်မှုအား အာရှတိုက် နိုင်ငံများအပြင် အခြားနိုင်ငံ အသီးသီးမှလည်း စိတ်ဝင်တစား အားပေး ကြည့်ရှုလျက်ရှိရာ ပရိသတ် အချို့၏ ဖော်ပြပါအတိုင်း မလိုလားအပ်သည့် အပြုအမူမျိုး ပြုလုပ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အရေးယူအပြစ်ပေး မှုမျိုး ခံခဲ့ရသည့် အပြင် နိုင်ငံအတွက်လည်း အနည်း နှင့်အများ ဂုဏ်သိက္ခာ ထိခိုက်စေခဲ့သည်။ အလားတူ ဖြစ်ရပ်မျိုး ထပ်မံဖြစ်ပေါ်ပါက နိုင်ငံတကာ ပြိုင်ပွဲမျိုးကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်များ ဆုံးရှုံး စေနိုင်သည်။

၂ဝ၁၁ခုနှစ်က အိုမန်အသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင်လည်း မလိုလား အပ်သည့် အပြုအမူများကြောင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)မှ မြန်မာ့လက်ရွေးစင် အသင်းအား ခြေစစ်ပွဲ ကစားခွင့် ပိတ်ပင်ခြင်း၊ ဒဏ်ငွေများ ချမှတ်ခြင်းစသည့် အရေးယူ အပြစ်ပေးမှုများကို ဂုဏ်သိက္ခာ ကျဆင်းစရာ အဖြစ် ခံခဲ့ရဖူးသည် မှာလည်း ပရိသတ်များ အားလုံး သိရှိပြီးဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၉အသင်းမှာ ယခုအာရှပြိုင်ပွဲတွင် မိမိတို့ထက် အတွေ့အကြုံ၊ ကြံ့ခိုင်မှု ပိုမိုကောင်းမွန် တောင့်တင်းသည့် အာရှအဆင့်ထိပ်တန်း အသင်းများကို ကျော်ဖြတ်၍ ဆီမီးဖိုင်နယ် အဆင့်ထိ တက်လှမ်း နိုင်ခဲ့ ခြင်းကြောင့် ၂ဝ၁၅ ဖီဖာ ယူ-၂ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို အာရှတိုက် ကိုယ်စားပြု အသင်း အဖြစ် သွားရောက် ယှဉ်ပြိုင်ခွင့်ရသည်အထိ သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပြီး ဖြစ်ရာ ယနေ့အောက်တိုဘာ ၂ဝ ရက် ည ၇နာရီတွင် ကစားရမည့် ကာတာအသင်းနှင့် ဆီမီးဖိုင်နယ်တွင် မည်သည့်ရလဒ် ထွက်ပေါ် သည်ဖြစ်စေ ဘောလုံးချစ် ပရိသတ်များ အနေဖြင့် မြန်မာအသင်း၏ ကြိုးစားအားထုတ် အောင်မြင်ခဲ့မှုကို ချီးကျူးအသိ အမှတ်ပြု နားလည်သည့် အနေဖြင့် မလိုလားအပ်သော မည်သည့် အပြုအမူကိုမျှ မပြုလုပ်မိစေရန် အချင်းချင်း ဝိုင်းဝန်း ထိန်းသိမ်း ကူညီဆောင် ရွက် ပေးကြပါရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် အထူးမေတ္တာ ရပ်ခံ ပန်ကြား ထားသည်။

မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...