Saturday, October 18, 2014

● လေးစားပါတယ် - ယူ ၁၉ ●





နိုင်ခဲ့ပါပြီ။ မြန်မာ ယူ-၁၉ အသင်း အနိုင်ရရှိခဲ့ပါပြီ။

Upset ပွဲတစ်ပွဲလား။ စိတ်ဓါတ်ကောင်းတဲ့အသင်း အနိုင်ရရှိခဲ့တာလား။ ဘယ်သူမှ ထင်မှတ်မထားတဲ့ အဖြေက ထွက်လာခဲ့ပါပြီ။

ကျွန်တော်တို့ ယူ-၁၉ အသင်း နယူးဇီလန်သွားပြီး နွားနို့သောက်၊ ဒိန်ခဲစား၊ နယူးဇီလန် ဘောလုံးကွင်း မြက်ခင်းပြင်တွေပေါ်မှာ လူငယ်ကမ္ဘာ့ဖလားကို ကန်ကြပါတော့မယ်။ တစ်ခါမှ မကန်ခဲ့ဘူးတဲ့ လူငယ်ကမ္ဘာ့ဖလားမှာ မြန်မာ ဆိုတဲ့ အသင်းကလေး ကန်တာကို အားလုံး မြင်တွေ့ကြရပါတော့မယ်။

စိတ်လှုပ်ရှားရတယ် ဆိုတာထက် ပိုတဲ့ ရင်ခုန်မှုတွေ၊ ကြက်သီးထမှုတွေနဲ့ ဒီပွဲကို ဖြတ်သန်းခဲ့ကြရပါတယ်။ နောက်ဆုံး ထပ်ဆောင်းအချိန်ပိုမှာ ဖရီးကစ် ကန်ကာနီး ယူအေအီး ဘောလုံးသမားတွေ ဆုတောင်းနေကြချိန်မှာ ရင်ခုန်နှုန်းတွေ မြန်ဆန်ခဲ့ရပါတယ်။ ဘုရားတသံတွေ နေရာအနှံ့က ကြားခဲ့ရပါတယ်။ ကွင်းထဲက ပရိသတ်တွေရဲ့ ၉၇ မိနစ်ကျော်လုံးလုံး အားပေးလိုက်တဲ့အသံတွေဟာ ကျွန်တော်တို့အားလုံးရဲ့ သွေးထဲကို စီးဝင်စေခဲ့ပါတယ်။ တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ အော်ဟစ်သံတွေ မိုးလုံးညံခဲ့ပါပြီ။

ပွဲမပြီးခင် တောက်လျှောက်မှာ ဘယ်တော့ ပြန်သွင်းမလဲ ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဘုရားတရင်း ကြည့်ရှုခဲ့ရပါတယ်။ နှလုံးအားနည်းတဲ့သူတွေဆိုရင် ဒုက္ခတောင် ရောက်သွားနိုင်ပါတယ်။

နောက်ဆုံး ပွဲသိမ်း ခရာမှုတ်ချိန်မှာတော့ -

မြန်မာယူ-၁၉ အသင်းဟာ မြန်မာ့ဘောလုံးသမိုင်းမှာ မှတ်တမ်းအသစ် ရေးထိုးနိုင်ခဲ့ပါပြီ။ ချီးကျူးစရာကောင်းတယ် ဆိုတာထက် ထိုက်တန်တဲ့ချီးကျူးဂုဏ်ပြုမှုနဲ့ ထိုက်တန်တဲ့ စကားကို ရှာဖွေ မရနိုင်ခဲ့ပါဘူး။

အားလုံး သိကြတဲ့အတိုင်းပါပဲ။ ကျွမ်းကျင်မှု၊ နည်းစနစ်၊ ပါဝါ၊ ပြေးအား၊ ကစားကွက် အဘက်ဘက်က အသာစီး ရှိနေတဲ့ ယူအေအီးအသင်းကို အနိုင်ယူခဲ့တာ မြန်မာ ယူ-၁၉ ရဲ့ ချီးကျူးဖွယ်ရာ၊ လေးစားဖွယ်ရာကောင်းတဲ့ စိတ်ဓါတ်ပါပဲ။

ယူ-၁၉ တစ်သင်းလုံး မခိုမကပ်၊ ညီညီညွတ်ညွတ်၊ စိတ်ဓါတ်ကောင်းကောင်းနဲ့ ကျားကုတ်ကျားခဲ ကစားပြသွားခဲ့တာ...တစ်ကယ့်ကို လေးစားစရာပါ။ ချီးကျူးစရာပါ။ ပြီးတော့ အတုယူစရာ သိပ်ကို ကောင်းခဲ့ပါတယ်။

ယူ-၁၉ အတွက် ထိုက်တန်တဲ့ စကား ရှာလို့ မရနိုင်ခဲ့ပါဘူး။ သာမန်စကားနဲ့လည်း ဖော်ပြခြင်းငှာ မစွမ်းသာနိုင်ပါဘူး.။

● ယူ-၁၉ က ညီငယ်တို့...

● မင်းတို့ လုပ်ပြခဲ့ပါပြီ...

● မင်းတို့ လုပ်နိုင်ခဲ့ပါပြီ...

● အမှန်တစ်ကယ်သာ စိတ်ဓါတ်ကောင်းမယ် ဆိုရင် ဘာမဆို ဖြစ်နိုင်တယ် ဆိုတာကို မင်းတို့ လက်တွေ့ ပြသခဲ့ကြပါပြီ...

●လေးစားပါတယ် ယူ-၁၉

Congratulations Myanmar U-19

Hmuu Zaw

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...