Sunday, October 19, 2014

ထိုင်း-မြန်မာ နယ်စပ်ဂိတ်များတွင် အီဘိုလာ စစ်ဆေးမှု အရှိန်မြှင့်မည်






ထိုင်းမြန်မာ နယ်စပ်ဂိတ်များ ဖြစ်သည့် ထီးခီး၊ မောတောင်နှင့် ကော့သောင်း နယ်စပ်ဂိတ်တို့မှ ပြည်တွင်းပြည်ပ ခရီးသည် အများအပြား ဝင်ရောက်လာမည့် တန်ဆောင်တိုင် ကာလ မတိုင်မီ အီဘိုလာရောဂါ တားဆီးရေးအတွက် အရှိန်မြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

အထူးသဖြင့် ထီးခီးနယ်စပ်ဂိတ်တွင် အီဘိုလာရောဂါ စစ်ဆေးရန်အတွက် ကျန်းမာရေးဝန်ထမ်း ငါးဦးပါ အဖွဲ့ကို ထပ်မံအားဖြည့်သွားမည် ဖြစ်ပြီး တိုင်းအတွင်းရှိ ဟိုတယ်နှင့် တည်းခိုခန်းများတွင်လည်း အီဘိုလာရောဂါ သတိပေး နှိုးဆော်ချက်များကို ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လူတိုင်းကို မစစ်ပါဘူး။ ဖျားတယ်ဆိုတဲ့သူတွေ၊ သံသယရှိတဲ့ သူတွေကိုပဲ စစ်တာပါ” ဟု အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။

လက်ရှိတွင် ထီးခီး၊ မောတောင်၊ ကော့သောင်း နယ်စပ်ဂိတ် သုံးခုစလုံးတွင် အီဘိုလာရောဂါ စစ်ဆေးရန် ကျန်းမာရေး ဝန်ထမ်းများကို ထားရှိထားပြီး ဖြစ်ကြောင်း တိုင်းကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

“ထီးခီးမှာ သွားစစ်နေတဲ့ ကျန်းမာရေးအဖွဲ့တွေမှာ လိုအပ်တဲ့ အကာအကွယ်ပစ္စည်း၊ စစ်ဆေးမယ့် ကိရိယာ တန်ဆာပလာတွေ ပြည့်စုံဖို့ လိုအပ်တယ်” ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက မှတ်ချက်ပြုသည်။

နယ်စပ်ဂိတ်များတွင် သွားရောက်စစ်ဆေးမည့် အဖွဲ့များတွင် လိုအပ်သည့် ပစ္စည်းကိရိယာများ ပါရှိပြီး ဖြစ်သော်လည်း လိုအပ်ချက်အချို့ ရှိနေဆဲဖြစ်ကြောင်း တိုင်းကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူက ဆိုသည်။

“နိုင်ငံတကာအဆင့်မီ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေတော့ ရှာမတွေ့သေးဘူး။ အဲဒီလို နိုင်ငံတကာ အဆင့်မီ ပစ္စည်းတွေတော့ လိုအပ်နေပါတယ်။ အကာအကွယ် ပစ္စည်းကတော့ ရှိပါတယ်။ နယ်စပ်မှာ မသုံးသေးဘူး။ ပြီးတော့ အဲဒီရောဂါက အာရှကို ဝင်တယ်လို့လည်း သတင်းမကြားသေးပါဘူး” ဟု ၎င်းက ပြောကြားသည်။

အကာအကွယ် ပစ္စည်းများကို နယ်စပ်များတွင် လိုအပ်ပါက အသုံးပြုသွားမည် ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းက အီဘိုလာရောဂါ ရှိသည်ဟု သံသယရှိ ခံရသည့် ဂျပန်အမျိုးသမီးတစ်ဦးသည် ထီးခီးနယ်စပ်ဂိတ်မှ ဝင်ရောက်ကာ ထားဝယ်မြို့မှတစ်ဆင့် မော်လမြိုင်သို့ ရထားဖြင့် ထွက်ခွာသွားခဲ့ပြီး မော်လမြိုင်မှ တစ်ဆင့် မန္တလေး၊ ၎င်းမှတစ်ဆင့် စစ်ကိုင်းတိုင်း တမူးမြို့မှတစ်ဆင့် အိန္ဒိယနယ်စပ်ကို ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားခဲ့ရာ ထားဝယ်တွင် ယင်းဂျပန်အမျိုးသမီး စီးခဲ့သည့် ကား (ထီးခီး-ထားဝယ်) ယာဉ်မောင်းနှင့် ဆိုင်ကယ် တက္ကစီသမားတစ်ဦးကို ကျန်းမာရေး စောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံ၏ သတင်းများအရ ယင်းဂျပန်အမျိုးသမီးကို စစ်ဆေးရာ အီဘိုလာရောဂါ မရှိဟု သိရသည့်အတွက် စိုးရိမ်ရသည့် အနေအထားမရှိကြောင်း တိုင်းဒသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယခုနှစ်တွင် ထားဝယ် တန်ဆောင်တိုင် ပွဲတော်အပြင် ထိုင်း-မြန်မာ ချစ်ကြည်ရေး ထားဝယ် တန်ဆောင်တိုင် ပွဲတော်ကိုပါ ကျင်းပမည်ဖြစ်ပြီး ယင်းကာလအတွက် ဟိုတယ်များတွင် အခန်းကြိုတင် မှာယူထားကြသဖြင့် အခန်းပြည့်နေပြီ ဖြစ်ကြောင်း ဟိုတယ် အသိုင်းအဝိုင်းမှ သိရသည်။

ထားဝယ်၊ အောက်တိုဘာ ၁၈
(Dawei Watch) 
The Voice Weekly

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...