(ယမန်နှစ် သီတင်းကျွတ်လပြည့်နေ့က ရွှေတိဂုံစေတီတော်တွင် ဘုရားဖူးလာရောက်ကြသူများ အား တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း))
Tuesday, October 7, 2014
“ခုနစ်လီငယ်၊ ဂမ္ဘီရတ္ထ၊ မြတ်ဓမ္မကို ကောဝီလအောက် ကမ္ဗုကျောက်ထက် မိန့်မြောက်ပြီးလတ်၊ ပြည်သင်္က ပသို့၊ မြင့်မြတ်ကယ်ဘုန်းစီ၊ စက်ဘငါးတော်လည်ချိန်မို့၊ ငါးမည်ကြာမျိုး၊ ရနံ့ငယ်ဖြိုးလို့၊ ဖြန့်မိုးငယ်ယဉ်သည်။ သဝဏီနှင့် သီတဂူပျံ၊ တည့်မွန်းသာစံတော့ပ... မြန်ဗဟိုငယ် မြင်းမိုရ်ရွှေမီး”
(သူတော်ဦးမင်း)
ထိန်လင်းနေသည့် ဝါကျွတ်လကို သူတော်ဦးမင်းက ဤသို့ပင် ကဗျာသီ စာစီခဲ့ပါ၏။ နတ်ပြည်၌ အဘိဓမ္မာတရားများ ဟောမြွက်ပုံ၊ သင်္ကဿနဂိုရ်ပြည်သို့ စောင်းတန်းသုံးသွယ်ဖြင့် ဆင်းသက်လာပုံ များကို ပြည့်ပြည့်စုံစုံ ဆက်လက်တင်ပြပါမည်။ လှေသင်းမင်းဦးချိန်က သီတင်းကျွတ်လမှာ တူရာသီ၌ အကျုံးဝင်ကြောင်း၊ တူရာသီခေါ်ရသည်ကား ရာသီဘိဓာနအပိုင်းတွင် တုလာ=တူရာသီ၊ ယူက=တူရာသီ၊ ဓနု=တူရာသီ၊ တောလိ= တူရာသီ၊ တုလာရော=တူရာသီဟု ပရိယာယ်အမျိုးမျိုးရှိကြောင်း ရေးဖူးသည်။
တန်ဆောင်မုန်းလ၊ သီတင်းကျွတ်လတို့သည် ဝါကျွတ်ချိန်ဖြစ်၍ သီတင်းဟုခေါ်မည် စသည်ဖြင့်လည်း ရေးခဲ့ ပါသည်။ သီတင်းကျွတ်လကို သန်တူလခေါ်သေးကြောင်း။
သန်တူလ အဓိပ္ပာယ်ကား၊ မိုးလများတို့ သန်လဟု ရှေးလူကြီးများ ခေါ်ခဲ့သည်။ ဂနိုင်တောဝယ် ပျော်စဖွယ်တိ၊ သန်လည်မုရင်း အင်းလည်းမြစ်လောင်းဟု လည်းကောင်း၊ စိုက်ပျိုးချိန်သန် မုရင်းသန်၊ ဟေမာန်ဆောင်း အခါဆိုသည်နှင့်အညီ သန်တူလခေါ်ကြသည်။ ဝဿာနရ တုသည် သန်တူလပင် ဖြစ်ပေသတည်း။
သီတင်းကျွတ်လဖြစ်ရပုံ
ဤလကို ပါဠိလို အာဃယုဇ ဟုခေါ်ကြသည်။ အကြောင်းကား လပြည့်နေ့သည် သန်းခေါင်ယံအချိန်တွင်း လမင်းနှင့် အာဃယုဇနက္ခတ်တို့ စန်းယှဉ်သောကြောင့်ပင်။ ဗုဒ္ဓရှင်တော်မြတ်သည် ၄၅ ဝါတို့ ကာလပတ်လုံး ဝါဆိုခြင်းပြုခဲ့သည်။ ဆဌမဝါကို ရာဇဂြိုဟ်ပြည် မကုဒုတောင်ခြေတွင် ကပ်တော်မူသည်။
ထိုဆဌမဝါတော်ဖြင့် ပြည့်စုံပြီး သတ္တမဝါတော်ကို ဘယ်ရက်၌ကပ်ရမည် ဆင်ခြင်လေသည်။ ထိုအခါ လူ့ပြည်တွင်ဝါကပ်ခြင်းထက် နတ်ပြည်၌ ဝါကပ်ခြင်းက သင့်ပေလိမ့်မည်ဟု ဥာဏ်အမြင်ရသည်။ အကြောင်းသော်ကား မိခင် မယ်တော်မာယာ ဖြစ်ခဲ့ဖူးသူ သန္တုဿီ နတ်သားသည် နတ်ပြည်၌ ရှိနေလေရာ ဤတစ်ဝါ၌ မိခင်ကို ကျေးဇူးဆပ်ရပေတော့မည်။
မြတ်စွာဗုဒ္ဓသည် မယ်တော်နတ်သားရှိရာသို့ နှစ်လှမ်းသုံးဖဝါးဖြင့် ကြွတော်မူရာ မိခင်နတ်သားနှင့် နတ်အပေါင်းအား အဘိဓမ္မာတရားကို ဟောခဲ့သည်။ မြတ်ဘုရား၏ အဆုံးအမများတွင် သုတ်၊ ဝိနည်း၊ အဘိဓမ္မာဟု ရှိ၏။ အဘိဓမ္မာက အဘယ်တရားမျိုးပါနည်း။ အဘိအတိရေကော အဘိဓမ္မာဟု ဝိဂြိုဟ်ဖွင့်ဆိုကြသည်။ သုတ္တန်၊ ဝိနည်း တရားတို့ထက် လွန်မြတ်သဖြင့် အဘိဓမ္မာဟု ခေါ်ပေသည်။ အဘိဓမ္မာ ခုနစ်ကျမ်းတွင် ဤကျမ်းများပါသည်။
(က) ဓမ္မသင်္ဂဏီ
(ခ) ဝိဘင်းတရားတော်
(ဂ) ဓာတုကထာ
(ဃ) ပုဂ္ဂလပညတ်
(င) ကထာဝတ္ထု
(စ) ယမိုက်
(ဆ) ပဠာန်းတရားတော် စသည့် ခုနစ်မျိုးရှိသည်။
ထိုခုနစ်ကျမ်းအနက် (ဓမ္မသင်္ဂဏီ)တရားကို ၁၂ ရက် တိုင်တိုင်ဟောရာ ခုနစ်ကုဋေမျှ ရှိသော နတ်များစတင်၍ ကျွတ်တမ်းဝင်သည်။ ဝိဘင်း ၁၂ ရက်၊ ဓာတုကထာ ခြောက်ရက်၊ ပုဂ္ဂလပညတ် ခုနစ်ရက်၊ ကထာဝတ္ထု ရှစ်ရက်၊ ယမိုက် ရက် ၂ဝ၊ ပဠာန်း ၂၅ ရက် စသည်ဖြင့် ရက်ပေါင်း ၉ဝ လုံးလုံး တရစပ် ဟောပြရန် နတ်ဗြဟ္မာ ၁၁၄ ကုဋေ ကျွတ်တမ်းဝင်ကုန်သည်။
သင်္ကဿနဂိုရ်ပြည်သို့ ဆင်းပြီ
လူ့ပြည်တွင် ဘုရားကြွလာမည့်ရက်ကို လူအပေါင်းက တောင့်တနေကြသည်။ မြတ်စွာဘုရားကို တစ်ဝါတွင်းလုံး မမြင်ခဲ့ရ။ အစပိုင်းက ဘုရားရှင်သည် သာဝတ္ထိမြို့သို့ ဆင်းမည်ဟု သတင်းရ၏။ နောင်အခါ သင်္ကဿနဂိုရ်ပြည်သို့သာ စောင်းတန်းကြီးသုံးသွယ်ဖြင့် ဆင်းခဲ့သည်။ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းဖြစ်၏။ စောင်းတန်းသုံးသွယ်ဖြင့် ဆင်းလာမည့်သတင်းကို အရှင်မဟာမောဂ္ဂလာန်ထံမှ သတင်းရကာ ပရိသတ်အပေါင်းလည်း သင်္ကဿနဂိုရ်ပြည် မှ ဝိုင်းဝန်းကြိုဆိုကြလေသည်။ ဤသည်ကို ရှေးစာဆို တို့က ဤသို့ ရေးသည်။
မြကန်သာ သာယာခြင်း
ကြာငါးသင်းပွင့်ဖူးငုံ။
ကောင်းကင်မှာ သူရိန်နှင့်
တူရှိန်ကာ နက္ခတ်တွဲပါလို့
နွှဲကြတူစုံ။
မီးမြင်းမိုသဘင်ပွဲ၊ ဆင်နွှဲကြ
များလူကုန်။
သက်ကြီးဂုဏ် ပူဇော်ပွဲ
ကျွတ်သီတင်းပေမို့
လွတ်ကင်းပြီ သဟာဆွေတို့
ကညာမေမောင်နှင့်
ပေါင်းရအောင်
တောင်းဆုပန်မြဲ
(ယမန်နှစ် သီတင်းကျွတ်လပြည့်နေ့က ရွှေတိဂုံစေတီတော်တွင် ဆီမီးပူဇော်နေသူများအား တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း))
ပ၀ါရဏာပွဲ ရွတ်ဆိုနွှဲ
သီတင်းကျွတ်ချိန်တွင် ရဟန်းအများ ပဝါရဏာ ရွတ်ဆိုကြရ၏။ အကြောင်းမှာ ဘုရား လက်ထက်က ကောသလတိုင်းတွင် ရဟန်းအချင်းချင်း မညီမညွတ်ရှိခဲ့ကြောင်း မြတ်ဘုရားသိကြားတော် မူပြီးနောက် ရဟန်းအချင်းချင်း ညီညွတ်ကြရမည်။ မိမိတို့ အချင်းချင်း စိတ်ဝမ်းမကွဲရန် ပဝါရဏာ ရွတ်ဆိုရမည်ဟု ပညတ်ခဲ့၏။
ပဝါရဏာပွဲဟူသည်ကား- ရဟန်းအချင်းချင်း ဖိတ်ကြားတောင်းပန်သည့်ပွဲ ဖြစ်၏။ တစ်နှစ်လျှင် တစ်ကြိမ်၊ သီတင်းကျွတ် လပြည့်တိုင်းပြုလုပ်ကြရသည်။ ရဟန်းတို့ သည် သိမ်အတွင်းစုရုံးကာ (သမ္မာဂါနံတပေါသုခေါ) ဟူသည်နှင့် အညီ ပဝါရဏာ ရွတ်ကြရသည်။
(ရဟန်းတစ်ပါးသည် ဝိနည်းနှင့်မညီ ဖြစ်နေလျှင် ရေငုံနှုတ်ပိတ်မနေရ။ သံသယဖြစ်နေလျှင် အချင်းချင်း ဝန်ခံရ၏။ ထိန်းသိမ်းပေးရမည်။ မိမိအပြစ်ကိုမြင်ပါက ဆုံးမပါဟု ခန္ဓာကိုယ်အပ်ရ၏။ ကြီးစဉ်ငယ်လိုက် ပဝါရဏာ ဆိုရသည်။ တပည့်တော်တွင် အပြစ်မြင်လျှင် မသင်္ကာလျှင် ဆုံးမပြောဆိုပါဟု ရဟန်းတစ်ပါးကို တစ်ပါးက တောင်းပန်ရသည်။ ထိုအခါ ကျန်ရဟန်းများက ခွင့်ပြုရကြောင်း သုတေသနသရုပ်ပြ အဘိဓာန်၌ ရေးထားသည်။ ပဝါရဏာ ခုနစ်မျိုးရှိသည်။
(၁) သံဃာပဝါရဏာ ငါးပါး သို့မဟုတ် ငါးပါးထက်ပို၍ သံဃာအများ သိမ်တစ်ခု၌ စုပေါင်းရွတ်ဆိုခြင်း။
(၂) လောကပဝါရဏာ နှစ်ပါး၊ သုံးပါး၊ လေးပါး၊ စီတွဲရန် ရွတ်ဆိုသော ပဝါရဏာပင်။
(၃)ပုဂ္ဂလပဝါရဏာ - အဖော်မပါ တစ်ပါးတည်း ဘုရားရုပ်ပွားရှေ့၌ ရွတ်သည်။
(၄) တေဝါစီကပဝါရဏာ- သုံးကြိမ်သုံးခေါက် တစ်ပါးတည်း က ရွတ်ဆိုပါသည်။
(၅) ဒွေဝါစိက - အကြောင်းတစ်ခုခုကြောင့် ကြာရှည်အချိန်မရလျှင် နှစ်ကြိမ်ရွတ်ရသော ပဝါရဏာမျိုး။
(၆) ကေဝါစိက ထို့အတူ တစ်ကြိမ်သာ ရွတ်ခွင့်ရသည်။
(၇) သမ္မာနဝါစိကပဝါရဏာ ဝါတူချင်းပေါင်းကာ ငါးပါးတစ်တွဲ ဆယ်ပါးတစ်တွဲ ရွတ်ကြရသည်။ ဤသည်တို့ကား ပြုလုပ်မြဲ ပဝါရဏာမျိုးတို့ပေတည်း။
သီတင်းကျွတ်ခါ ကုသိုလ်ရှာ
ဤလဤအခါတွင် ရိုးရာဓလေ့အရ သက်ကြီးရွယ်အို ဘိုးဘွားများကို တပည့်သားမြေးတို့က လက်အုပ်ချီမိုး ရှိခိုးဝတ်ပြုရ၏။ သားသမီးများသည် မိဘတို့အတွက် ဝတ်ပန်းပုဆိုးများ၊ စားသောက်ဖွယ်ရာများ တစ်ပါတည်း ကန်တော့လေ့ရှိသည်။ မိဘများကို ကန်တော့ခြင်းမပြုမီ ရတနာသုံးပါးကိုလည်းကောင်း၊ ခင်ပွန်းကြီး ဆယ်ပါးကို လည်းကောင်း၊ တရိုတသေ ကန်တော့ကြရ၏။ မိဘတို့အား ကန်တော့သည့်အခါ သားတို့ သမီးတို့က ကာယ၊ ဝစီ၊ မနော သုံးပါးသော ကံဖြင့် ပြစ်မှားမိပါက ခွင့်လွှတ်ပါရန်ဟု ထည့်ဆိုသည်။ ထိုအခါ မိဘများ က (သာဓု သာဓု သာဓု၊ အသက်ရှည်ပါစေ။ အဆင်းလှပါစေ။ ဥစ္စာရပါစေ။) ဆိုပေးလေ့ရှိပါသည်။
သီတင်းကျွတ်လအခါ မြတ်ဘုရားကို ရည်မှန်းပြီး မီးပုံးရောင်စုံ၊ ပန်းဖယောင်းများ ကပ်လှူပူဇော်မှုပြုကြ ရသည်။ ဓမ္မာရုံဇရပ်များတွင် အဖွဲ့လိုက်ပဠာန်းတရား၊ ဓမ္မစကြာတရားများကို ဝိုင်းဝန်းရွတ်ဆိုကာ သီတင်းကျွတ် အခါတွင် ဒါန၊ သီလ၊ ဘာဝနာတရားများကို ပွားများပါဟု နိဗ္ဗာန်အကျိုး မျှော်ကိုးလျက် နှိုးဆော် အပ်ပါသည်။
ကျမ်းကိုး
ဆယ့်နှစ်လရာသီ (လှသမိန်)
က၀ိလက္ခဏသတ်ပုံ (ဦးသြ)
ဝေါဟာရလီနတ္ထဒီပနီ (လှေသင်းမင်းဦးချိန်)
Written by: နီငြိမ်း(အညာတက္ကသိုလ်)
Eleven Media Group

0 comments:
Post a Comment